mdn

ရေကြည် ၉ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်၊ ၂၀၁၈ - ၂၀၁၉ ခုနှစ်၊ မိန်းဘတ်ဂျက် ဒုတိယ (၁၂)လဘတ်ဂျက် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ရင်းရှည်အုပ်စု၊ ကညင်ငူအုပ်စုတို့တွင် မြစ်ကမ်း ထိန်းလုပ်ငန်း ဆောင်ရွက်နေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြစ်ကမ်းနှင့်တာ ဗဟိုအကွာအဝေးသည် ပေ(၇၀)မှ ပေ (၁၀ဝ) အတွင်း တည်ရှိနေကြောင်း၊ မြစ်ကြောင်းသည်( ဂ ငယ်)ပုံစံဖြစ်နေသောကြောင့် ကမ်းပြိုကမ်းစား မှုများ နှစ်စဉ်ဖြစ်ပေါ်နေခြင်းတို့ကို ကာကွယ်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကမ်းထိန်းတန်း ဆောင်ရွက်ရာတွင် သစ်မာမျော (၄)ပေအကျယ် (၆)ပေအမြင့် ကမ်းထိန်းတန်းရိုက်၍ (၄)ပေ အမြင့် (၆” x ၉”) ကျောက်ကြီးဖြည့်ခြင်း၊ (၂)ပေအမြင့် ကိုင်းစည်းရိုးအုပ်ခြင်းတို့ကို ငဝန်တာမိုင် (၅၁/၁)မှ (၅၂/၂) အတွင်း ရင်းရှည်ကျေးရွာအနီး၌ အလျား ပေ(၆၀ဝ)နှင့် ငဝန်တာမိုင် (၅၅/၃)မှ (၅၅/၄) အတွင်း ကညင်ငူကျေးရွာအနီး၌ ဆောင်ရွက်နေကြောင်း ဦးစီးအရာရှိ ဦးဝင်းမော်ထံမှ သိရသည်။

 

လုပ်ငန်းဆောင်ရွက်ပေးခြင်းအားဖြင့် ကမ်းပြိုကမ်းစားမှုများ ‌လျှော့နည်းသက်သာစေရန် တာတမံ အနီး ဝန်းကျင်နှင့် မြစ်ကမ်းဝန်ကျင်ရှိ ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ် များကို ကာကွယ် ပေးနိုင်ရန်နှင့် ဧပြီလ ၂၅ ရက် မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆန်းတင့်(ရေကြည်)

 

mdn