ပဲခူး ၇ ဧပြီ
ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၀၆၁) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား တန်ခူး လဆန်း(၁၀)ရက် ဧပြီလ(၁၄)ရက်နေ့မှ တန်ခူးလဆုတ်(၄)ရက် ဧပြီလ(၂၃)ရက်နေ့ အထိ(၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား မူလရည်မှန်းချက်နှင့် အနှစ်သာရ မပျောက်ပျက်စေရန် ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ လုပ်ငန်း(၃)ကို ဦးစားပေးအလိုက် ဆောင်ရွက်ရန် စီမံချက်ရေးဆွဲဆောင်ရွက်ထားရှိရာ ပထမလုပ်ငန်းသည် ကုသိုလ်ကောင်းမှုအစီအစဉ်ဖြစ်ပြီး ဒုတိယလုပ်ငန်းသည် မြန်မာ့ရိုးရာကုန်ပစ္စည်းများနှင့် စက်ရုံအလုပ်ရုံထွက်ကုန်ပစ္စည်းများကို ရောင်းဝယ်ရေး အစီအစဉ်ဖြစ်သည်။ တတိယလုပ်ငန်းသည် ပျော်ပွဲရွှင်ပွဲအစီအစဉ်ဖြစ်ကြောင်း သိရသည်။
ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း စေတီတော်မြတ်ကြီးအား ညလုံးပေါက်လျှပ်စစ်မီး ပူဇော်ခြင်း၊ တန်ခူးလပြည့် ဧပြီလ(၁၉)ရက်နေ့အာရုံတက်ချိန်တွင် ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ အဆိုပါနေ့ညနေပိုင်းတွင် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ်အပါး(၅၀ဝ)အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ ပွဲတော်ပြီးနောက်တစ်နေ့တွင် ပွဲတော်အတွင်းပြုလုပ်ခဲ့သော အလှူရှင်များ၏ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခြင်းတို့ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည့် အပြင် ပျော်ပွဲရွှင်ပွဲများအနေဖြင့် ဖိုးချစ်၊ စွမ်းဇာနည်၊ ဟံဇာမိုးဝင်းစသည့် ဇာတ်သဘင်များ၊ မိုးကြိုးငှက်ငယ်၊ဆပ်ကပ်နှင့် အခြားပျော်ပွဲရွှင်ပွဲများ၊ အနယ်နယ်အရပ်မှ ကုန်ပစ္စည်းများရောင်းချခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


