၂၈ ဇွန်

 

နိဒါန်း

 

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် တရားရေအေးပါတဲ့”

“ဘာကိုဆိုလိုတာလဲဆရာ”

“ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ပေါ့ပေါ့ဆဆနေခဲ့ မိပြီး ဘာမှလေ့လာမှုမပြုနိုင်ခဲ့တဲ့ ကိုယ့်အကြောင်းကို စဉ်းစားမိလို့ပါ”

“ဘာတွေစဉ်းစားမိတာလဲဆရာရဲ့ ”

“ဒီလိုပါဗျာ- ဖတ်ကြည့်ကြစို့”

 

ဆေးရုံ

 

Covid-19 ကာလမတိုင်မီ ပြီးခဲ့တဲ့လများက ကျွန်တော် နေမကောင်းဖြစ်သည်။ ဆေးရုံတက်ရသည်။ စိုးရိမ်ရသော ရောဂါရသည်။ နေပြည်တော် ခုတင် ၁၀၀၀ မှာ ဆရာဝန် ကြီးများ၏ကျေးဇူးကြောင့် အသက်ချမ်းသာရာရခဲ့သည်။ ဆေးရုံတက်နေစဉ်ကာလများက ကျွန်တော် ဘယ် ဧည့်သည်မှ စကားမပြောချင်။ သီးသန့်နားချင်သည်။ ဆရာဝန်ကြီးများကို မေတ္တာရပ်ခံသည်။ ထို့ကြောင့် ကျွန်တော့်အား သီးခြားထားသည်။ တစ်ယောက်တည်း ထားသည်။ ကျွန်တော့်စိတ်ကြိုက် နားခွင့်ရသည်။ ထိုအခါ။

 

တောင်တွေး မြောက်တွေး

 

တစ်ယောက်တည်းမို့ တွေးသည်။ စာရေးဆရာမို့တွေးသည်။ သတင်းစာတွေပေးဖို့ စာတွေရေးရဦးမှာ။ ဆောင်းပါးတွေ စဉ်ဆက်မပြတ်ပေးရမှာ။ ရုံးကအလုပ် တွေကလည်း အရေးကြီးသည်။ နောက်ဆံတင်းသည်။ ငါသေ၍မဖြစ်သေး။ အလုပ်တွေ အများကြီးလုပ်ရဦးမည်။ ပူပင်သည်။ ရုံးကတပည့်တွေလည်း စိတ်မချ။ ပေးတဲ့ တာဝန်တွေ ကျေကြပါ့မလား။ လူကြီးတွေပေးတဲ့တာဝန်၊ စီမံချက်တွေမီအောင်လုပ်နိုင်ပါ့မလား။ ခရီးထွက်စရာ တွေလည်း ငါ့မှာရှိသေးသည်။ ပူပင်သောကများနေသော ကျွန်တော်။

 

အနားယူပါ

 

“ဘာတွေတွေးနေသလဲ။ စဉ်းစားနေသလဲ။ ညက မအိပ်ဘူးထင်တယ်။ ပျော်အောင်အိပ်။ အနားယူနော်။ ရုံးက အလုပ်တွေ ခဏမေ့ထား။ မစဉ်းစားနဲ့။ အနားမယူရင် ရောဂါတိုးမယ်။ ကျန်းမာမှအလုပ်လုပ်နိုင်မှာ သတိထားပါ” ဟု ကြင်နာသောဆရာဝန်ကြီးများက နေ့စဉ်သတိပေးနေ သည်။ ဆေးစားရုံနှင့်မရ။ ကိုယ်တိုင်နေတတ်၊ ထိုင်တတ်မှ ရမည်တဲ့။

 

တရားရေအေး

 

အိပ်မပျော်သောရောဂါ။ အလုပ်တွေကို ပူပင်နေသော ရောဂါ။ တောင်တွေး မြောက်တွေး စာတွေရေးချင်နေသော ရောဂါ။ တရားမရှိ၊ လောဘသာရှိနေသော မိမိ၏ဘဝ။ မအေးချမ်းသော မိမိ၏ဘဝ။ ဒေါသလွှမ်းသော မိမိ၏ဘဝ။ အသက် ၇၀ ကျော်သည်အထိ တရားရေအေး မသောက်သုံး နိုင်သေးသောဖြစ်အင်။ တရားမခင်သော ဗုဒ္ဓဘာသာဝင် တစ်ဦး။ ဤသို့ မိမိတွေးမိ၏။

 

တရားခွေ

 

တစ်နေ့ ဆေးရုံမှာ ရုံးကဝန်ထမ်း မောင်ထက်ကိုက ညလာစောင့်အိပ်ပေးရင်း ကျွန်တော် တစ်ညလုံးအိပ် မပျော်သည်ကို သူသတိထားမိသည်။ “အဘ၊ ဒီတရား ခွေလေးနာကြည့်ပါ” ဟုဆိုကာ ကျွန်တော့်တယ်လီဖုန်းထဲထည့်ပေးသည်။ တရားသုံးပုဒ်ဖြစ်သည်။ ယင်းတို့မှာ-

 

(၁) ကံကောင်းခြင်းနှင့် ကံမကောင်းခြင်း

(၂) ကျက်သရေရှိသောလူ့ဘဝ

(၃) စိတ်ဓာတ်ခွန်အား မြှင့်တင်ထားတို့ ဖြစ်ပါသည်။

ဟောကြားတရားပြသူမှာ ကျေးဇူးရှင် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ ဖြစ်သည်။

ကျွန်တော်နားထောင်ကြည့်သည်။ တရားနာသည်။

ဟာ ... အေးချမ်းလိုက်တာဗျာ . . . ။

 

လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်

 

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏တရားရေအေးများကို အနည်းငယ်မျှ (ကျွန်တော် တတ်စွမ်းသမျှ) နာယူခဲ့ပါသည်။ ထိုသို့ နာယူနေစဉ် ပါမောက္ခချုပ်ဆရာတော်ကြီးပြုစုသော လောကသားတို့ အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်(ပထမတွဲ) (ပထမ အကြိမ်ပုံနှိပ်ခြင်း) ၂၀၂၀ ပြည့်နှစ် မေလကို ဖတ်ခွင့်ရပါ သည်။ ပုံ(၁)ကိုရှုပါ။ ပဉ္စဂံစာအုပ်တိုက်မှ ထုတ်ဝေခြင်း ဖြစ်ပါသည်။ နိဒါန်းတွင် ဇယမေဒနီ အရှင်နန္ဒိယ၏ တင်ပြ ချက်ကိုဖတ်ရပါသည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ သက်တော် ၈၀ ပြည့်နှစ် မွေးနေ့အထိမ်းအမှတ်ပူဇော်ပွဲအဖြစ် ဤကျမ်းစာကြီးကို ထုတ်ဝေရခြင်းဖြစ်ကြောင်း၊ ဆရာတော်ကြီးဟောကြားသောသုတ္တန်များမှာ လွန်စွာ များပြားကြောင်း၊ မန္တလေးပန်းချီကျော်တို့၏ ဗုဒ္ဓဝင်ပန်းချီ ကားများကိုပါ ထည့်သွင်းရိုက်နှိပ်လိုက်ကြောင်း၊ ပထမတွဲ ဖြစ်၍ ကျန်အတွဲများ ဆက်လက်ထုတ်ဝေမည်ဖြစ်ကြောင်း တပည့် ဥက္ကာကျော်ကပါ တင်ပြရေးသားထားပါသည်။

 

အခန်းပေါင်း(၂၀)

 

လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် ပထမတွဲတွင် အခန်းပေါင်း (၂၀) ဖော်ပြပါရှိပါသည်။ နာယူမှတ်သားစရာများ လွန်စွာပေါများလှပါသည်။ ဤဆောင်းပါးတစ်ပုဒ်တည်းဖြင့် ဖော်ပြရန်မဝံ့ပါ။ သို့ရာ တွင် အပိုင်း (၁၅)ပါ ကာမဂုဏ် အာရုံစိတ်နှင့် စပ်လျဉ်း၍ မာဂဏ္ဍီဆိုသော ပုဏ္ဏားကြီးအား မြတ်စွာဘုရား၏ ဟောကြားချက်မှာ နာယူဖွယ် ကောင်းလွန်းလှပါသည်။ ကောက်နုတ် ဖော်ပြပါရစေ။

 

ရှင့်သမီးယူမှာမဟုတ်ဘူး

 

မာဂဏ္ဍီဆိုတဲ့ပုဏ္ဏားကြီးက သူ့သမီးနဲ့ လိုက်ဖက်တဲ့ပုဂ္ဂိုလ်ကို လိုက်ရှာနေတာ၊ မြတ်စွာဘုရားနဲ့လည်းတွေ့ရော သူ့သမီး နဲ့ လိုက်ဖက်တယ်ဆိုပြီးတော့ မြတ်စွာ ဘုရားကို နေရာတွေဘာတွေမေးပြီးတော့ သူ့သမီးလာပို့မယ့်အကြောင်း ပြောသွား တယ်။

ဘုရားရှေ့လည်းရောက်ရော သမီးကို ရေစက်ချပြီးတော့ လှူတာ၊ သူ့လက်ထဲမှာ ရေကရားလေးပါလာတယ်။ အဲဒီမှာ အရှင်ဘုရားနဲ့ ထိုက်တန်ပါတယ်။ ဒီသမီး အရှင်ဘုရားကို ပြုစုလုပ်ကျွေးဖို့ လက်ခံ ပါလို့ဆိုပြီးတော့ သမီးကို လှူတယ်။ (စာ-၂၇၆)

 

မြတ်စွာဘုရား၏ ဟောကြားချက်

 

ဘုရားအဖြစ်သို့ရောက်ပြီးတော့ အဇပါလညောင်ပင် အောက်မှာနေတုန်းက ဝသဝတ္တီနတ်ပြည်က မာရ်နတ်ရဲ့ သမီးသုံးယောက်နာမည်က “တဏှာ”တဲ့၊ “အရတီ”တဲ့၊ “ရဂါ”တဲ့ မာရ်နတ်သမီးသုံးယောက်လာပြီးတော့ ဘုရားကို ဖြားယောင်းဖူးတယ်။ အဲဒီတုန်းကတောင်မှပဲ ငါ့မှာ ကာမဂုဏ်အာရုံစိတ်မပေါ်ခဲ့ဘူးတဲ့၊နတ်သမီးမြင်ရတာတောင်မှပဲ ကာမဂုဏ်အာရုံနဲ့ပတ်သက်တဲ့စိတ် ငါ့မှာ မရှိဘူးလို့ ဘုရားကပွင့်ပွင့်လင်းလင်းပဲ ငြင်းဆိုပြောတာပေါ့ နော်။ အဲဒီလောက်တင်ဆိုရင်ကိစ္စမရှိဘူး။ အဲဒီလောက် တင်ကိစ္စမရှိဘူး။ ဘာပြောလိုက်တုံးဆို နောက်ပြောလိုက် တဲ့စကားတစ်ခုက ထိခိုက်သွားတယ်။

 

ကျင်ကြီးကျင်ငယ်တွေနဲ့ပြည့်နေတဲ့ မင်းရဲ့သမီးကို တော့ ငါဘယ်လိုလုပ်ပြီးတော့ ကာမဂုဏ်စိတ်ဖြစ်မှာ တုံးတဲ့။ ကာမဂုဏ်စိတ်မဖြစ်ရုံမက ခြေထောက်ကလေး နဲ့တောင် မထိချင်ဘူးလို့ ဒီလိုပြောလိုက်တဲ့စကားက နစ်နစ်နာနာပြောလိုက်တာပဲနော်၊ တစ်ဖက်သားကို နာကြည်းသွားစေတယ်။ (စာ-၂၇၇)

 

ပန်းချီသရုပ်ဖော်

 

အလွန်မှတ်သားစရာ၊ နာယူစရာကောင်းလှပါပေသည်။ ကြေးမုံစာချစ်ပရိသတ်များလည်း ဆင့်ပွားနာယူ မှတ်သားနိုင်ရန် ဆရာတော်ကြီး၏ တရားရေအေး ဟောကြားချက်(ကောက်နုတ်ချက်)အပြင် ပန်းချီဆရာ ထူးလွင်အေး၏ (ကျင်ကြီးကျင်ငယ်တွေပြည့်နေတဲ့ မင်းရဲ့ သမီးကို ခြေထောက်လေးနဲ့တောင်မထိချင်ဘူး)ဆိုသော ပန်းချီသရုပ်ဖော်ပုံမှာ တင့်တယ်ဖွယ်ဖြစ်သဖြင့် ကောက် နုတ်ဖော်ပြလိုက်ရပါသည်။ ပုံ(၂) ကို ရှုပါ။

 

ဗုဒ္ဓဘာသာကောင်းတစ်ယောက်

 

ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာကောင်းတစ်ယောက်တော့ မဖြစ် သေး။ ထို့ကြောင့် ဗုဒ္ဓဘာသာကောင်းတစ်ယောက် (HOW TO LIVE AS A GOOD BUDDHIST) အမည်ရှိသော စာအုပ် ကို လေ့လာမှတ်သားခဲ့သည်။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဖြစ်အောင်လည်း ကြိုးပမ်းခဲ့သည်။ အနည်း ဆုံး ဘုရားဂုဏ်တော်၏အကျိုးကျေးဇူးကို ဆင်ခြင်ပွားများ ခဲ့သည်။

 

ဘုရားဂုဏ်တော်အကျိုးကျေးဇူး

 

ဘုရားဂုဏ်တော်ကို စွဲမြဲစွာ ဆင်ခြင်ပွားများသည်ရှိသော် အောက်ပါအကျိုးကျေးဇူးများကို မုချမသွေ ရရှိနိုင်ပါ သည်-

 

(၁) မြတ်စွာဘုရားအပေါ် ကိုင်းညွတ်သောစိတ် အမြဲရှိလာခြင်း၊

(၂) ယုံကြည်မှု လေးနက်လာခြင်း၊

(၃) သတိပို၍ကောင်းလာခြင်း၊

(၄) ပညာဉာဏ် ထက်မြက်လာခြင်း၊

(၅) ကောင်းမှုတိုးပွားလာခြင်း၊

(၆) စိတ်ညစ်မှုကင်းပြီး နှစ်သက်ကြည်နူးစွာ နေရခြင်း၊

(၇) ကြောက်ရွံ့ထိတ်လန့်ဖွယ် ကြုံရလျှင် မကြောက် မလန့် စိတ်တည်တံ့ခြင်း၊

(၈) မတော်တဆ ဆင်းရဲဒုက္ခတွေ့ရလျှင် သည်းခံ နိုင်ရည်ရှိခြင်း၊

(၉) မြတ်စွာဘုရားနှင့်အတူ နေရဘိသကဲ့သို့ စိတ်တွင် ထင်မှတ်လျက်ရှိခြင်း။

 

နေ့စဉ်ဘုရားရှိခိုး

 

ဆေးရုံက ကျွန်တော်ဆင်းလာခဲ့ပြီ။ ယခင်လို ကျန်းမာ ရေးကောင်းပြီ။ ရုံးပြန်တက်ပြီ။ အလုပ်အကြွေးတွေ ပြန်ဆပ်နိုင်ပြီ။ တာဝန်အသစ်တွေလည်း ထမ်းဆောင်နေ ပြီ။ ဆေးရုံကဆင်းပြီးမှ ကျွန်တော်ပြောင်းလဲသွားသလို ခံစားရသည်။ ကျွန်တော့်အမြင် ပို၍ကြည်လင်လာသလို ပါပဲ။ ရုံးမသွားခင် နံနက်တိုင်း နေ့စဉ် ဘုရားရှိခိုးဖြစ် သည်။ ညစဉ် တရားနာဖြစ်သည်။ ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော်ကြီး၏ မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် စာအုပ်ကိုလည်း စဉ်ဆက်မပြတ် ဖတ်ရှုကြည်ညိုနေမည်။ နားမလည်သည့်ပါဠိစာသားများကိုတေးမှတ်ထားသည်။ (ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် ကိုယ်တိုင်ဖူးတွေ့ရမှ မသိတာ ရှင်းလင်းမေးမြန်းလျှောက်ထားရဦးမည်)။ ကျေးဇူးကြီးလှပါပေသည်။

 

နိဂုံး

 

ပါမောက္ခချုပ်ဆရာတော်ကြီးက လူတိုင်းအားတရားရေအေးတိုက်ကျွေးပေးတော်မူပါသည်။ အများကြီး တရားပေးပါသည်။ ကျွန်တော့်မှာတော့ နည်းနည်းလေးသာ တရားရသေးသည်။ ကျွန်တော်လိုသေးသည်။ အများကြီး ကြိုးစားရဦးမည်။

 

ဆရာတော်ကြီးအား ခြေတော်စုံဦးခိုက်လျက် ရှိခိုး ကန်တော့လိုက်ပါသည် . . . ။ ။

 

ဦးဟန်ညွန့် (ဥပဒေ)