ရှေ့နေနှင့်ဒေါသ

ဦးဟန်ညွန့်(ဥပဒေ)

နိဒါန်း

''ဆရာ''
''ဘာလဲကွ''
''ဟာ''
''ဘာဟာလဲ''

''ဆရာစိတ်ဆိုးနေတာလား''

''စိတ်ဆိုးနေတာမဟုတ်ဘူးကွ၊ ဒေါသဖြစ်နေတာ၊ ဒေါသဖြစ်နေတာ။''

''မင်းဒီလောက်မှ အကဲမခတ်တတ်ဘူးလား၊ ငါထလုပ်လိုက်ရ''

''အလို... အရင်က ဆရာဒီလိုမဟုတ်ပါဘူး။''

''အရင်ကမဟုတ်ပေမယ့် အခုဟုတ်တယ်ကွာ၊ မင်းကဘာလုပ်ချင်သေးလို့လဲ''

''ဖြစ်ရလေဆရာရယ်''

အသံကဇာတိပြ

ဒေါသသံသည် မူလအသံမဟုတ်။ ဒေါသပါသည်။ 
လောဘပါသည်။ မောဟပါသည်။ အသံကိုနားထောင် ကြည့်ရုံဖြင့် သိသာသည်။ အသံကဇာတိပြနေသည်။

စိတ်ကိုတည်ငြိမ်စွာထား

ဒေါသပေါက်ကွဲနေချိန်မို့ ကိုယ့်စကားတွေ ကိုယ်ဘယ်ရောက်သွားမှန်းမသိ။ သတိနှင့် ပြန်၍ဆင်ခြင် ရသည်။ စိတ်ကိုတည်ငြိမ်စွာပြန်ထားရသည်။ စိတ် ဆိုးဒေါသထွက်နေချိန်တွင် ဘယ်သူ့ကိုမှ မမြင်။ ဘယ်အရာကိုမှ မမြင်။ (ခဏတစ်ဖြုတ်၊ စိတ်နှင့်ကိုယ်ကင်းကွာသွားသလိုလို။ ကိုယ် အလိုမကျလို့ ဒီလိုဖြစ်နေတာ။) ဒေါသ၊ ဒေါသ။

ဒေါသဆိုသည်မှာ

- ဒေါသ (Pali - a'go )

- ဒေါကန်၊ do:kan/v (colloq) be very angry; be furious with anger

- ဒေါကြီးမောကြီး၊ do: adv: angrily; furiously; wrathfully

- ဒေါထ/ do:hta/ same as ဒေါကန်။

- ဒေါပွ/do:pwa/ same as ဒေါကန်။

- ဒေါဖောင်း/ do: hpaun/ same as ဒေါကန်။

- ဒေါသ/ do :dha ; anger ; flaw ; defeat

(မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ စာ-၂၁၁ တွင် ဖွင့်ဆိုချက်)

မထိန်းသိမ်းနိုင်

ဒေါသပေါက်ကွဲ၍ မထိန်းသိမ်းနိုင်ဖြစ်သည်။

လူသတ်မိသည်။

ရာဇဝတ်မှုကျူးလွန်မိသည်။

ဒေါသဖြစ်သမျှဘာမှအကျိုးမရှိ။

နောင်တရချိန်၌ အပြစ်လုပ်ပြီးပြီ။

ဒုက္ခပင်လယ်ဝေပြီ။

တစ်ယောက်စကား

တစ်ယောက်စကား တစ်ယောက်နားမှာ ခါးခါး သီးသီး၊ ရင့်ရင့်သီးသီး၊ သီးခြားက္ဘာ၊ ကြားရသည့် စနက် ဘယ်အချက်ပါလိမ့်။

တွေ့သည့်အခိုက်၊ ရန်စွယ်မိုက်နှင့်။ မျက်မာန်ဒေါသ၊ 
ပြင်းထန်လှသည်၊ မာန်မာနအစွယ် ရင့်သီးဖွယ်ပါ တကား။

ကိုယ်ချင်းမစာ၊ အကြင်အနာမရှိ။ သူတစ်ပါးအပေါ် မုန်းတီး၏။

သူ၏စီးပွား၊ ငါ့စီးပွားကိုထောက်ထားမသိ၊ ကြီးဘိ လောဘ၊ မမျှတ။

မဟုတ်သောအကြံ၊ မမှန်သောအကျင့်၊ မသင့်သော အယူ၊ မဖြူသောနှလုံး၊ မသူတော်ထုံးကိုစွဲသုံးကျင့်ပေ၊ လူမိုက်တွေပါတကား။ စဉ်းစားစရာ၊ သုံးသပ်စရာ၊ တွေး စရာတွေဖြစ်ပေသည်။

တစ်ယောက်နှင့်တစ်ယောက်စကားများကြသည်။ 
ဒေါသအမျက်ထွက်ကြကုန်သည်။ ဘယ်လိုဖြစ်ကြတာ လဲ။

ဖရုသဝါစာ

ဖရုသဝါစာဆိုတာဘာလဲ။

မကြားဝံ့ ၊ မနာသာ၊ အယုတ်တမာဆဲဆိုမှု၊ ကျွဲခတ်၍ သေပါစေ၊ ကားတိုက်၍ သေပါစေ၊ လောင်မီးကျပါစေ၊ မိုးကြိုးခပါစေ၊ ယုတ်ညံ့သောအင်္ဂါနှင့် တိုင်း၍ ပြောခြင်း၊ ဆိုခြင်း၊ ကျိန်ဆဲခြင်းတို့သည် ဖရုသဝါစာမည်၏။ ဆဲဆိုလိုသောစေတနာသည် ဖရုသဝါစာမည်၏။

ဖရုသဝါစာမြောက်ရန်အင်္ဂါ

(၁) အဆဲခံရသူရှိခြင်း

(၂) အမျက်ထွက်စိတ်ဆိုးခြင်း

(၃) ဆဲရေးခြင်း

(ဗုဒ္ဓဘာသာတရားတော်စာအုပ် ( အထက်တန်း အဆင့်) - ၁၉၉၆၊ စာ-၃၂၃)

ဖရုသဝါစာအပြစ်များ

ကြမ်းကြုတ်သောစကားကို ဆိုသောသူသည် သေသူ၏အခြားမဲ့၌ (အပါယ်လေးပါး၌) ဆင်းရဲစွာ ခံစားရသည်။ အပါယ်လေးပါးမှ လွတ်မြောက်ပြီးနောက်လူ့ဘဝရောက်သောအခါတွင်လည်း အောက်ပါ ဆိုးကျိုး 
များခံစားရသည်-

(၁) မနှစ်သက်သောအသံကိုကြားရခြင်း

(၂) အများအမုန်းခံရခြင်း

(၃) ကဲ့ရဲ့ပြစ်တင်ခံရခြင်း

(၄) ဆင်းဆင်းရဲရဲနေထိုင်ရခြင်း

(၅) သာယာနာပျော်ဖွယ်သောအသံမရှိခြင်း

(၆) အလုံးစုံသောအသံအဂ¯ပျက်စီးခြင်း(ဆွံ့အခြင်း)

မေတ္တာဘာဝနာ

သူတစ်ပါးကောင်းစားစေလိုသောစိတ်ကို အဖန်ဖန်အထပ်ထပ်ဖြစ်ပွားအောင် ပြုလုပ်ပေးခြင်း၊ အာရုံပြုခြင်း၊ ပို့လွှတ်ပေးခြင်းသည် မေတ္တာဘာဝနာပွားများ သည်မည်၏။ မေတ္တာပို့သည်မည်၏။

သတ္တဝါတို့အပေါ်၌ မေတ္တာပွား၍ ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါးပွားများ၍ ဖြစ်စေနေခြင်းသည် မြင့်မြတ်သောနေခြင်းဖြစ်သည်။ ထိုကဲ့သို့ ပွားများခြင်းသည် မြင့်မြတ်သောအကျင့်ဖြစ်သောကြောင့် ဗြဟ္မစိုရ်ဟုခေါ်ကြောင်း ဗုဒ္ဓတရားတော် ကျမ်းတွင်ပြဆိုသည်။

ဒေါသ၏ဆန့်ကျင့်ဘက်

မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေစသည်ဖြင့် သတ္တဝါတို့၏ ကြီးပွားချမ်းသာမှုကို လိုလားတောင့်တသော အဒေါသ စေတသိက်ကိုပင် မေတ္တာဟုခေါ်သည်။

မေတ္တာကို ချစ်ခြင်းဟု အဓိပ္ပာယ်ပြုကြသည်။ မေတ္တာသည် သူတစ်ပါး၏ ကြီးပွားမှုကို လိုလား သည်။ သူတစ်ပါး၏ ချမ်းသာမှုကို အလိုရှိသည်။ မေတ္တာဟူသည် စင်ကြယ်သည်။ သန့်စင်မွန်မြတ် သည်ဟု ဘာသာ ရေးစာပေကျမ်းဂန်များတွင် ဖော်ပြသည်။

မေတ္တာပို့ခြင်း

မိမိမေတ္တာပို့မည့်သူအား ဓာတ်ပုံရိုက်ဘိသကဲ့သို့ ခြေဆုံးခေါင်းဆုံး တစ်ကိုယ်လုံးမြင်ပြီးအာရုံပြုပါ။ အာရုံယူပါ။ စိတ်ညွတ်ပါ။ ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေဟု သူ့ထံ အရောက် 
မေတ္တာပို့လွှတ်ပါ။ ဖြန့်ကြက်ပါ။ မေတ္တာအစွမ်းထက်မြက်လှပါသည်။

ပုဂ္ဂိုလ်တစ်ဦးသာမက လူအများစု၊ တစ်ရွာလုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး၊ တစ်က္ဘာလုံး (စသည်ဖြင့်) ခြုံငုံ၊ အာရုံဖြန့်၊ မေတ္တာဓာတ်လွှမ်းပတ်ပို့လွှတ်နိုင်ကြပါစေ။ မေတ္တာဖြင့်သာ ဒေါသကို ပြေပျောက် စေအံ့။

ဒေါသက္ဘာ

ဒေါသက္ဘာတွင် အောက်ပါအချက်များ ကျယ်ဝန်း စွာ တည်နေပေသည်-

(၁) စိတ်ညစ်မှု

(၂) စိတ်မချမ်းသာမှု

(၃) ကြောက်ရွံ့မှု

(၄) စိတ်ပျက်မှု

(၅) စိတ်ကောက်မှု

(၆) စိတ်ဆိုးမှု

(၇) ရန်ငြိုးဖွဲ့မှု

(၈) ဆဲဆိုငေါက်ငမ်းခြောက်ချမ်းမှု

(၉) တိုက်ခိုက်မှု

(၁ဝ) သေကျေပျက်စီးအောင် ကြံဆောင်မှုတို့ပါဝင်သည်။

စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်းသဘောသည် ဒေါသ မည်၏။ ထို့ကြောင့် ဒေါသထွက်ခြင်းကြောင့် စိတ်ဆတ်ခက်ထန်ဟုဆိုခဲ့သည်။ ခက်ထန်ဆိုသော်လည်းရှူးရှူးရှဲရှဲခက်ထန်ခြင်းတစ်မျိုးသာမဟုတ်။ စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသော စိတ်ကဲ့သို့ ညက်ညက်ညောညောမရှိ။ စိတ်ပုံမှာဖွာတာတာ၊ ကြမ်းတမ်းတမ်းရှိရကား စိတ်ညစ်နွမ်းမှု၊ စိတ်အား
ငယ်မှု၊ ကြောက်လန့်မှုများသည်လည်း ဒေါသသဘောတွင်ပါဝင်သည်ဟု ကျေးဇူးတော်ရှင် (မဟာဂန္ဓာရုံဆရာတော် ပြုစုတော်မူသော ကိုယ်ကျင့်အဘိဓမ္မာစာအုပ်၊ ၂ဝဝ၆ ဇူလိုင်၊ စာမျက်နှာ - ၄၆)တွင် ဖတ်ရှုရပါ၏။ ဆရာတော်ကြီးအား ရိုသေစွာရှိခိုးပါ၏။

ဒေါသနှင့်ပတ်သက်သောအမှုစီရင်ထုံးများ

ဥပဒေလုပ်သက် အနှစ်လေးဆယ်ကျော်တွင် အောက်ပါအမှုများ စစ်ဆေးကြုံတွေ့ခဲ့သည်။ စီရင်ထုံး များဖတ်ခဲ့ရသည်-

(၁) နောက်မီးလင်းနေသူအား ထောင်ဖမ်း၍ သတ်ခြင်း၊နောက်မီးလင်းသူကို ပက်ပင်းတွေ့၊ ဒေါသ ထွက်၊ တွေ့ရာလက်နက်နှင့် ရိုက်သတ်မှု။

(၂) မောင်းချဓားဖြင့် လည်ပင်းကိုထိုးခြင်းအကြီးအကျယ်ဒေါသထွက်၊ မောင်းချဓားဖြင့် သူ့လည်ပင်းကို သုံးချက် ဆက်တိုက်ထိုးပွဲချင်းပြီး သေမှု။

(၃) ခွေးနှင့်နှိုင်း၍ ဆဲရေးမှုလူအများရှေ့တွင် ခွေးနှင့်နှိုင်း၍ ရိုင်းစိုင်းစွာပြော၊ ဆဲဆို။ အကြီးအကျယ်ဒေါသထွက်၊ မချုပ်တီးနိုင်၊ လူသတ်မှုဖြစ်ပွား။

(၄) ကိုယ်ဝန်ကို ခြေထောက်နှင့်ကန် ပါးနားဆွဲရိုက်၊ ခါးပတ်နှင့် ရိုက်မှုလင်သား ရဲသားက ဇနီးမယားအား အထက်ပါ အတိုင်း နှိပ်စက်၊ ဒေါသထွက်၊ သည်းမခံနိုင်၊လင်သားရဲသား၏ ရိုင်ဖယ်သေနတ်ကို မယားက ဆွဲလု၊ ဒေါသထွက်၍ပစ်ခတ်၊ လင်သားသေဆုံးမှု။

(၅) ဝမ်းဗိုက်၊ အူအစိတ်အပိုင်းများထုတ်ချင်းပေါက် ဓားနှင့်ထိုးမှုလူတစ်ယောက်၏ ဝမ်းဗိုက်၊ အူအစိတ်အပိုင်းများထုတ်ချင်းပေါက်ဓားနှင့် ၄၊၅ ချက်ထိုး၊ သေမှု။

(၆) လူငယ်များ တစ်ဖက်နှင့်တစ်ဖက် ရန်ပွဲဖြစ်ခြင်းလူစုကွဲသွား၊ တစ်ဖွဲ့က နောက်ကလိုက်၊ တစ်ဦးကဓားနှင့်ထိုး၊ ကျန်လူများကဝိုင်းချုပ်ထား၊ သေသူအားခလုတ်ဓားဖြင့် မနုတ်ဘဲအဆုံးအထိဝင်
အောင်ထိုး၊ ဒေါသဖြင့်မသေသေအောင်သတ်မှု။

ဒေါသကြောင့်ဖြစ်ခဲ့သော အမှုတွေထဲကနမူနာအမှုတချို့သာပါ။ သင်ခန်းစာယူစရာအဖြာဖြာ။

တရားကပြန်လည်စောင့်ရှောက်သည်

- တရားကိုစောင့်ရှောက်သည့်ပုဂ္ဂိုလ်ကိုတရားက ပြန်လည်စောင့်ရှောက်သည်။

- တရားကို စောင့်ရှောက်သည့် ပုဂ္ဂိုလ်သည် ချမ်းသာခြင်းကိုဖြစ်စေသည်။

- တရားကိုစောင့်ရှောက်သည့် ပုဂ္ဂိုလ်သည် အပါယ်ငရဲသို့ မကျရောက်ဟု ( ဓမ္မိကထေရဂါထာ)တွင် ပြဆိုသည်။မှတ်သားဖွယ်ရာ။

(ဆောင်းပါးခေါင်းစဉ်က ဒေါသအကြောင်းဖြစ်ပါ၍ နိဒါန်းတွင် ရင့်သီးသောဒေါသသံများဖုံးလွှမ်းသွားပါသည်။ ထိုသို့ရေးရသည်ကို စာရှုသူများအနေဖြင့် နား လည်ခွင့်လွှတ်ပြီး ဒေါသပြေ၍ မေတ္တာဝေနိုင်စေ ကြောင်း တောင်းပန်အပ်ပါသည်။ )

နိဂုံး

(၁) ဒေါသသည် ပူ၏။

(၂) မေတ္တာသည် အေး၏။

(၃) အပူနှင့် အအေး ဘာကိုရွေးမလဲခင်ဗျား။

ကြေးမုံ