၂၃ ဩဂုတ်

နိဒါန်း

“ဆရာ

 “ဗျာ

ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ

“ရှေ့နေနှင့် လက်စွဲစာအုပ်တဲ့

 “ဘာအဓိပ္ပာယ်လဲဆရာ

“စာအုပ်မျိုးစုံ ရှိပါတယ်။ အဲဒါတွေထဲက အပျော်ဖတ် ဆိုပြီး ခဏတာဖတ်ရတဲ့စာအုပ်မျိုး ရှိတတ်ပါတယ်။ အချို့စာအုပ်တွေကတော့ နေ့စဉ် ရည်ညွှန်းကိုးကားရတဲ့ စာအုပ်မျိုးတွေလည်း ရှိတတ်ပါတယ်။

ရင်အုပ်မကွာ အမြဲကိုင်ဆောင်ထားရမယ့် လက်စွဲ စာအုပ်မျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလိုစာအုပ်မျိုးကို လက်စွဲ(Manual) လို့ခေါ်ပါတယ်

ဆရာတင်ပြမယ့် လက်စွဲစာအုပ်တွေက ဘာတွေလဲ ဆရာ

ခေါင်းဆောင်လက်စွဲနဲ့ စေ့စပ်ညှိနှိုင်းမှုလက်စွဲဆိုတဲ့ စာအုပ်(၂)အုပ်ပါ

“စိတ်ဝင်စားပါတယ်ဆရာ “ကိုင်း--ဒါဖြင့် ဖတ်ကြည့်ကြပါစို့

ခေါင်းဆောင်လက်စွဲ (ပုံ-၁)

ခေါင်းဆောင်လက်စွဲစာအုပ် ပုံ(၁)ကို ပြုစုဘာသာ ပြန်သူမှာ ဒေါက်တာ သာထွန်းဦးဖြစ်သည်။ မူရင်းမှာ The Handbook for Leaders, 24 Lessons for Extraordinary Leadership Gospel Jon H.Zenger and Joseph Folkman တို့ ရေးခြင်းဖြစ်သည်။ အဆိုပါစာအုပ်မှာ ခေါင်းဆောင်အကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ ခေါင်းဆောင်တာဝန်ယူသူများ လက်စွဲပြုရမည့် စာအုပ်လည်း ဖြစ်သည်။ တူဒေးစာအုပ်တိုက်က ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေသည်။

ထုတ်ဝေသူ၏အမှာ

ခေါင်းဆောင်ဆိုတာဘာလဲ။ ဘာအရည်အချင်းတွေရှိရ မှာလဲ။ ခေါင်းဆောင်ဆိုသည်မှာ သာမန်လူထက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသူမဟုတ်။ မွေးကတည်းက နဖူးတွင် အမှတ်တံဆိပ် ခတ်နှိပ်ခံထားရသူလည်း မဟုတ်ပါ။ ခေါင်းဆောင်ဟူသည် လူထဲကလူတစ်ယောက်ပင် ဖြစ်သည်။ ထိုသို့ လူထဲကလူဆိုသော်ငြား လူသာမန် တို့ထက် တွေးတောဆင်ခြင်မှု ပိုမိုအားကောင်းသော၊ အမြင်ပိုကျယ်သော ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချတတ်သော၊ အဖွဲ့အစည်း၏ရှေ့တွင် မားမားမတ်မတ် ရပ်တည် ပေးတတ်သော၊ အမှားကိုဝန်ခံရဲပြီး တာဝန်ယူတတ်သော၊ လက်အောက်ငယ်သားတို့အပေါ် ညှာတာစိတ်ရှိသော စသည့် ကောင်းမြတ်မွန်ရည်သည်နှင့် ပြည့်စုံကြသူများ ဖြစ်သည်ဟု ဖော်ပြထားပါသည်။

ခေါင်းဆောင်လက်စွဲ ဟု အမည်ပေးထားသော ဤစာအုပ်တွင် ခေါင်းဆောင်တို့မည်သည် မွေးရာပါအရည် အချင်းများနှင့် ပြည့်စုံနေကြသူများမဟုတ်ဘဲ လေ့ကျင့် ယူခြင်းဖြင့် လည်းကောင်း၊ ပြုစုပျိုးထောင်ခြင်းဖြင့် လည်းကောင်း ရရှိနိုင်သည်ဆိုသည့်အယူအဆကို အကျယ်တဝင့် ရေးသားထားပါသည်။ ထို့ပြင် ခေါင်းဆောင်ကောင်းတို့၌ ရှိသင့်ရှိထိုက်သည့် အရည်အသွေးများ၊ ထားရှိရမည့် စိတ်ထားစိတ်ဓာတ်များ၊ လေ့လာဆည်းပူးရမည့် ပညာရပ်များ၊ ဆောင်ရွက်ရမည့် အကြောင်းကိစ္စများ၊ ရယူရမည့် သင်ခန်းစာများ၊ ဆင်ခြင်ရမည့် အားသာ၊ အားနည်းချက်များ စသည်တို့ကိုပါ ပြဆိုထားခြင်းကြောင့် ဤစာအုပ်ပါ အချက်အလက် နည်းနာများကို ဖတ်ရှုကျင့်သုံးကြည့်ပါက ပြည့်မီသော အရည်အချင်းကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ထုတ်ဝေသူက မှာကြားထားပါသည်။

John H.Zenger and Joseph Folkman och The Hand Book for Leaders စာအုပ်ပါ ၂၄ ချက်သည် ခေါင်းဆောင်တာဝန်ယူနေသူများ၊ တာဝန်ယူမည့်သူများအား ထိရောက်စွာ ရှင်းလင်းထားပြီး သာမန်အဆင့်မှ ထက်မြက်သော ခေါင်းဆောင်အဆင့်သို့ ရောက်ရှိရန် အတွက် များစွာ အထောက် အကူဖြစ်စေပါမည်။ လက်တွေ့ ဖတ်ရှုကျင့်သုံးကြည့်စေလိုပါသည်။

စေ့စပ်ညှိနှိုင်းမှု လက်စွဲ(ပုံ-၂)

စေ့စပ်ညှိနှိုင်းမှုလက်စွဲပုံ(၂)ကို ဒေါက်တာ အောင်မြတ်ကျော်စိန်က ပြုစုဘာသာပြန်သည်။ Negotiate Your way to Success , 24 steps to Building Agreement ကို မူရင်းစာရေးဆရာ Steven P. Cohen က ရေးသားခြင်း ဖြစ်သည်။ အဆိုပါစာအုပ်မှာ စေ့စပ်ညှိနှိုင်းခြင်းအကြောင်းဖော်ပြထားသည်။ တူဒေးစာအုပ်တိုက်က ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေသည်။

စေ့စပ်ညှိနှိုင်းခြင်းအကြောင်း

ဤစာအုပ်သည် စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို အဆင့် ၂၄ ချက်ဖြင့် အသေးစိတ် တစ်ဆင့်ပြီးတစ်ဆင့် ခြယ်မှုန်းရေးသားထားသော စာအုပ်ဖြစ်ပါသည်။ မူရင်းစာအုပ်ရေးသားသူသည် ဥပဒေအဓိကဖြင့် သင်ကြားတတ်မြောက်ခဲ့သူ၊ ဆွေးနွေး ညှိနှိုင်းခြင်းနှင့် ပတ်သက်၍ လက်တွေ့လုပ်ကိုင်ပြီး သင်ကြားပို့ချနေသူတစ်ဦးလည်း ဖြစ်သည်။ “ကိုဟင်' သည် ဆွေးနွေးညှိနှိုင်းခြင်းအတတ်ပညာကို လက်တွေ့ လုပ်ဆောင်တတ်ရန် အသေးစိတ် တစ်ဆင့်ပြီးတစ်ဆင့် တင်ပြခဲ့သည့်အပြင် ဆွေးနွေးခြင်းတွေအားလုံးအတွက် လုပ်ဆောင်သင့်သည့် အရာဖြစ်ကြောင်းနှင့် ဆွေးနွေးမှု ပြုလုပ်ကြရန် တွန်းအားပေးနှိုးဆွပေးသည့် စာရေးဆရာ တစ်ဦးဖြစ်ပါသည်။

ရည်ရွယ်ချက်

ဤစာအုပ်ကို ရေးသားရသည့် ရည်ရွယ်ချက်သုံးခုမှာ (၁)ဆွေးနွေးပွဲများတွင် ပိုမိုကောင်းမွန်စွာ ဆွေးနွေး တတ်စေရန်၊ (၂) ကောင်းမွန်စွာ ဆွေးနွေးညှိနှိုင်းတတ် ခြင်းဖြင့် သင်၏ယုံကြည်မှု တိုးတက်လာစေရန်နှင့် (၃) ထိရောက်မှုရှိသော ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်းဖြင့် နောင်တွင်လည်း ဤသို့ပြုလိုစိတ်များ တိုးပွားလာစေရန်ဖြစ်သည်။

သင်ခန်းစာ ၂၄ ခု

ဤစာအုပ်တွင်ပါဝင်သော သင်ခန်းစာ ၂၄ ခုကို စီးပွား ရေးလုပ်ငန်းများတွင် ဆွေးနွေးတတ်ရန် အလေးထား ရေးသားထားပါသည်။ ဆွေးနွေးခြင်းကို ထိရောက်စွာ ပြုလုပ်ခြင်းဖြင့် သင်၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် များစွာသောအကျိုးကျေးဇူးကို ရရှိနိုင်ပါသည်။ ဤသင်ခန်းစာများသည် သင့်ဘဝ၏ မည်သည့်နယ်ပယ် တွင်မဆို ထိရောက်စွာ ဆွေးနွေးတတ်ရန်လည်း အထောက်အကူရပါသည်။ ဆွေးနွေးခြင်းဟူသော ကမ္ဘာတစ်လွှားရှိ လူသားအားလုံးနှင့်ဆိုင်သော အလုပ် ကိစ္စဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သိနားလည် သဘောပေါက်ထားသည်ထက် ပတ်ဝန်းကျင်ရှိ လူသားများနှင့် အပေးအယူ၊ သဘောတူညီဆက်ဆံမှုများတွင် ပို၍ ဆက်စပ်ပတ်သက်နေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့တွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆွေးနွေးတတ်သည့် အရည်အချင်းကောင်းများရှိရန် လိုအပ်ပါသည်။ သို့မှသာ မိမိတို့၏စီးပွားရေးကိစ္စတွင်သာမက လူမှုဘဝတွင်လည်း ထိုကျွမ်းကျင်ပိုင်နိုင်မှုများကို တန်ဖိုးရှိရှိ အသုံးချနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဤစာအုပ်ပါ သင်ခန်းစာများကို ကြေညက်စွာ ဖတ်ကြားပြီးသည့်အခါ သင့်ကိုယ်ရေးကိစ္စများနှင့် ကိုယ် တိုင်တွေ့ကြုံရမည့် ဆွေးနွေးညှိနှိုင်းပွဲများတွင် အသုံးဝင်ပြီး သေချာပေါက် အကျိုးရှိမည်ဖြစ်ပါသည်။

နည်းနာနိဿယ

ဤသင်ခန်းစာများသည် ဆွေးနွေးညှိနှိုင်းခြင်းဆိုင်ရာ အယူအဆနှင့် အတွေးအခေါ်များကို ကျောထောက်

နောက်ခံပြု တင်ပြထားခြင်းဖြစ်၍ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပတ်သက်သည့် နည်းနာနိဿယတို့ကို သင်ကောင်းစွာ သဘောပေါက်လာမည်ဖြစ်သည်။

ဤသင်ခန်းစာများသည် တရားသေသတ်မှတ်ထားခြင်းမရှိ။ ဤအရာမှန်သည်။ ထိုအရာ မှားသည်ဆိုသည့် ပြဋ္ဌာန်းချက်များ မဟုတ်ကြောင်းကို သင်တွေ့ရပါမည်။ | ဆွေးနွေးပွဲတွင် ထိရောက်စွာ ဆွေးနွေးတတ်သူများ သိပြီးကြသည့်အတိုင်း ဆွေးနွေးမှုဟူသည် တစ်ခုနှင့် တစ်ခုမတူဘဲ ကွဲပြားခြားနား၍ ပြုလွယ်၊ ပြင်လွယ်သည့် သဘောရှိသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အပြုသဘောရလဒ် နှင့်အချိန် အလဟဿမဖြစ်မှုတို့ ပေါ်ထွက်လာနိုင်ပါသည်။

ဤစာအုပ်၏ အဓိကပေးလိုသည့် အကြောင်းအချက်မှာ စေ့စပ်ဆွေးနွေးခြင်းကို ယှဉ်ပြိုင်အနိုင်ယူသည့်ပွဲဟု မမြင်သင့်ခြင်းနှင့် အောင်မြင်သည့် စေ့စပ်ဆွေးနွေးမှုဟူသည် သဘောတူညီချက်များ ချမှတ်ပြီးသည့်အခါ အဖွဲ့အားလုံး ကျေနပ်ရန်သာဖြစ်ကြောင်း ညွှန်းဆိုထားပါသည်။

စေ့စပ်ဆွေးနွေးခြင်းအနှစ်သာရကို သိနားလည်ရန်ကြိုးစားပါ

ဤခေါင်းစဉ်အောက်တွင် ဆွေးနွေးခြင်းသည် ပူးတွဲဆုံးဖြတ်ချက်ချသည့် ဖြစ်စဉ်ဆိုသည်ကို သိထားရပါမည်။ စေ့စပ်ဆွေးနွေးခြင်းဟုခေါ်၍ မရနိုင်သည့်အခြေအနေ များကိုလည်း သိထားရပါမည်။ စေ့စပ်ဆွေးနွေးခြင်းဟူ' သည် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်လျှင်ဖြစ် သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းပြုလျှင်ပြု တစ်ခုခုတော့ပြုရမည်ကို သိထားရပါမည်။ စေ့စပ်ဆွေးနွေးခြင်းဆိုသည် အနိုင်ယူလိုစိတ်ဖြင့် မိမိအကျိုးကိုသာ ဆုပ်ကိုင်ထားခြင်းမဟုတ်ပါဟုလည်း ဖော်ပြထားပါသည်။ သတိထားရမည့်အချက်များအဖြစ် မှတ်ယူသင့်ပါသည်။

ခေါင်းဆောင်လက်စွဲ၏ အနှစ်သာရ

ခေါင်းဆောင်သည် တာဝန်ယူနိုင်ရမည်။ ထက်မြက် ရမည်။ ထူးကဲရမည်။ အကျင့်စာရိတ္တ ကောင်းရမည်။ နှိမ့်ချနိုင်ရမည်။ တီထွင်ကြံဆနိုင်ရမည်။ အမှားထဲက သင်ခန်းစာယူနိုင်ရမည်။ အကြံဉာဏ်သစ်ကို လက်ခံ နိုင်ရမည်ဟူ၍ ခေါင်းဆောင်လက်စွဲစာအုပ်ကိုဖတ်ပြီး ကျွန်တော် သင်ယူရရှိပါသည်။ အစဉ်အမြဲလည်း ခေါင်းဆောင်လက်စွဲကို လက်စွဲပြုသင့်ပါသည်။ ကျမ်းမျိုး စုံမှ ဉာဏ်ဟုန်ပြင်းပါမည်။ နည်းမျိုးစုံမှ ရန်ပုန်ခွင်းနိုင်ပါ မည်။ ဤသို့ ကျွန်တော်ယုံသည်။

စေ့စပ်ညှိနှိုင်းမှုလက်စွဲ၏ အနှစ်သာရ

စေ့စပ်ညှိနှိုင်းမှုသည် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ အနိုင်ယူလိုခြင်းမဟုတ်။ မိမိအကျိုးကိုသာ ဆုပ်ကိုင်ထားခြင်းမဟုတ်။ နှစ်ဦးနှစ်ဖက်အကျိုးရှိဖို့ကို ပို၍အလေးထားရန်ဖြစ်သည်။ ယုံကြည်မှုရအောင် လုပ်ရ မည်။ ကြိုတင်ကာကွယ်မှု အသင့်ရှိပါစေ။ သတင်းအချက် အလက်များ စုဆောင်းပါ။ မိမိ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပါ။ မေးလည်းမေးပါ။ နားလည်းထောင်ပါ။ အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးမှုဖြစ်အောင် ပြုလုပ်ပါ။ အသွင်မတူသော်လည်း ဆွေးနွေးမှုကို ပြီးစီးအောင်ပြုရ ပါမည်။ ဂရုတစိုက်နှင့် လေးစားမှုကို ပြသပါ။ ဆွေးနွေး သည့်စကားဝိုင်းတွင် “ သင်ဤသို့ပြုလျှင် ကျွန်ုပ်လည်း ထိုသို့ပြုလုပ်နိုင်ပါသည် ဆိုသည့်စကားကို အသုံးပြုပါ။ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ဆွေးနွေးပါဟူသော အနှစ်သာရ များကို ကျွန်တော် အစဉ်မှတ်မိသတိရနေပါသည်။ စေ့စပ်ညှိနှိုင်းမှု လက်စွဲစာအုပ်ကို ဖတ်ပြီးနောက် သတိရချက်များ ကိုလက်တွေ့ဘဝတွင် အသုံးချနိုင်ပါစေဟု ဆန္ဒပြုပါသည်။

ခေါင်းဆောင်ဖြစ်လိုသူများအတွက် ခေါင်းဆောင် လက်စွဲ၊ စေ့စပ်ညှိနှိုင်းလိုသူများအတွက် စေ့စပ်ညှိနှိုင်းမှု လက်စွဲစာအုပ်တို့ကို လေ့လာဖတ်ရှု လက်စွဲပြုသင့်ပါကြောင်း ကြေးမုံစာချစ်ပရိသတ်အပေါင်းအား ချစ်ခင်လေးစားစွာ တိုက်တွန်းအပ်ပါသည်။ ။

ဦးဟန်ညွန့် (ဥပဒေ)