ရေငုပ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အထောက်အပံ့ကောင်းများဖြစ်လာသည့် ရှားပါးဇီဝမျိုးစုံမျိုးကွဲများ

 

သိန်းညွန့်(P.Z.L)

 

သဘာဝဂေဟစနစ်များဖြစ်ထွန်းရာ မြန်မာနိုင်ငံ၏ကမ်းရိုးတန်းသည် ကီလိုမီတာ ၂၈၀၀ ကျော် ရှည်လျားပြီး ယင်းတို့မှာ ငါး၊ ပုစွန်များ ပေါက်ပွားရှင်သန်ရာ နေရာများလည်းဖြစ်ပေသည်။ လူဦးရေ သန်း ၂၀ ကျော် မှီတင်းနေထိုင်ကြသော မြန်မာ့ကမ်းရိုးတန်း တစ်နံတစ်လျားတွင် ဒေသခံပြည်သူများအတွက် အထောက်အပံ့ဖြစ်စေသော၊ သဘာဝ​ဂေဟစနစ် ဖွံ့ဖြိုးရေးအတွက်အရေးပါသော အခင်းအကျင်းများကို ဖန်တီးဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိသည်။

 

ယင်းဂေဟစနစ်သည် သဘာဝအခြေခံ အဆောက်အအုံများဖြစ်ကြသော ဒီရေတော၊ သန္တာကျောက်တန်း၊ ကမ်းရိုးတန်းရှိ သစ်တော၊ သစ်ပင်များ ရှင်သန်ပေါက်ရောက်ရေးအတွက် အဓိက ကျနေပေသည်။

 

ကမ်းရိုးတန်းဂေဟစနစ်ထိန်းသိမ်းရေး

 

တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့အပြင် ရခိုင်နှင့် မွန်ပြည်နယ်တို့၌ ကမ်းရိုးတန်းများတည်ရှိနေပေရာ ဂေဟစနစ်ထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မှသာလျှင် ကမ်းရိုးတန်းဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝ ရေရှည်တည်တံ့ဖွံ့ဖြိုးလာမည် ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစား အလည်အပတ်လာရောက်ကြလေ့ရှိသည့် နှစ်ဖက် လှ၊ နတ်သမီးရေတွင်း၊ သမီးလှ၊ ဒုန်းရေတံခွန် အစရှိသော ကျွန်းပေါင်း ၈၀၀ ကျော် စုဖွဲ့တည်ရှိနေသော မြိတ်ကျွန်းစုရှိ ပင်လယ်ပြင်တွင် ကျက်စားကြသော ရေသတ္တဝါများအနက် ငါးလိပ်စွန် (Manta Ray) (ခေါ်) အူကြီးလည်း ပါဝင်သည်။ ငါးလိပ်ကျောက်များကဲ့သို့ ကြီးမားကျယ်ပြန့်သော ရေယက်များကို အသုံးပြုကာ ကူးခတ်ကျက်စားလေ့ရှိသော ငါးလိပ် စွန်သည် တစ်ကောင်တည်း (သို့မဟုတ်) အုပ်စုလိုက် ပင်လယ်သမုဒ္ဒရာအတွင်း ရွှေ့ပြောင်းနေထိုင်လေ့ ရှိကြသည်။

 

ငါးလိပ်စွန်လေ့လာရေးခရီးသွားလုပ်ငန်းများ

 

မျက်မှောက်ကာလတွင် ဖွံ့ဖြိုးလာသော ပင်လယ်ရေငုပ်ခရီးသွားလုပ်ငန်းကို နိုင်ငံတကာ၌ ကျယ်ပြန့်စွာ ဆောင်ရွက်လာပြီဖြစ်ရာ ခရီးသွားဧည့်သည်များသည် ငါးလိပ်စွန်ကဲ့သို့သော ပင်လယ်နေသတ္တဝါများအား စူးစမ်းလေ့လာရေး အစီအစဉ်များကိုလည်း နှစ်ခြိုက်စွာ လုပ်ဆောင်လာကြသည်။

 

မှတ်တမ်းများအရ ဂျပန်၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ မော်လ်ဒိုက်၊ အမေရိကနှင့် ထိုင်းစသည့်နိုင်ငံများတွင် ငါးလိပ်စွန် လေ့လာရေးခရီးသွားလုပ်ငန်းများ တစ်ဟုန်ထိုး ဖွံ့ဖြိုးလာခဲ့ပေရာ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၇၀ မှ သန်း ၁၄၀ အထိ ဝင်ငွေကောင်းလျက်ရှိကြောင်း လေ့လာမှတ်သားရသည်။

 

​မြိတ်ကျွန်းစု၏ ပင်လယ်ရေပြင်တစ်လွှား၌ ငါးလိပ်စွန်များ ကျက်စားနေကြသည်ကို ပုံမှန်တွေ့မြင်နေရသည်ဖြစ်၍ ပြည်ပမှ အပျော်တမ်း ရေငုပ်လှေများသည်ပင် ညအိပ်ညနေ လာရောက်နေထိုင်ကာ ရေငုပ်လေ့ရှိကြကြောင်း ကြားသိရသည်။

 

ရေယက်အစွန်းတစ်ဖက်မှ အခြားတစ်ဖက်အထိ ခုနစ်မီတာ (၂၃ ပေခန့်) အကျယ်အပြန့်ရှိသော ငါးလိပ်စွန်များသည် လူသားအချို့၏ အသိအမြင်၊ ဗဟုသုတအားနည်းမှုကြောင့် ကမ္ဘာတစ်ခွင်၌ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

 

ယခုအခါ ငါးလိပ်စွန်ရေသတ္တဝါများ ရှင်သန်ရာ ရေပြင်များကို(Dive Site) ခေါ် ရေငုပ်ရေပြင်များ အဖြစ် ကန့်သတ်ကာ ရေငုပ်ခရီးသွားလုပ်ငန်း ဖြစ်ထွန်းရေးအတွက် နိုင်ငံတကာ၌ စီစဉ်ဆောင်ရွက် နေကြပေပြီ။

 

စနစ်တကျထိန်းသိမ်းစောင့်ရှောက်

 

ခြုံ၍ဆိုရပါလျှင် ရေငုပ်ခရီးသွားလုပ်ငန်း ဖြစ်ထွန်းလာရေးအတွက် ရည်ရွယ်ကာ ရှားပါးလှသော၊ သဘာဝဂေဟစနစ်ကို အကျိုးပြုသော မြန်မာ့ကမ်းရိုးတန်းရှိ ငါးလိပ်စွန်များကို ဒေသခံပြည်သူများနှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများကပါ ပူးပေါင်း၍ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းဆော်သြလိုက်ရပါကြောင်း။

 

mdn