ရေနံချောင်းမြို့ အပူရှောင်စခန်းများတွင် လာရောက်အပူရှောင်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေး

ရေနံချောင်း မေ ၉

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အပူဒဏ်ခံစားရမှုအန္တရာယ် လျော့နည်းစေရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် အပူရှောင်စခန်းများတွင် လာရောက်အပူရှောင်ကြသည့် သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မြို့မမြောက်ရပ်ကွက် သာသနာ့မဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းနှင့် တွင်းကုန်းရပ်ကွက် ရွာဦးဘုန်းတော်ကြီးကျောင်းတို့ရှိ အပူရှောင်စခန်းများတွင် လာရောက်အပူရှောင်ကြသည့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များနှင့် ဒေသခံပြည်သူများအား ရေနံချောင်းမြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စံသွယ် ဦးဆောင်သည့် ကွင်းဆင်းဆေးကုသရေးအဖွဲ့က သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် အခြားရောဂါဝေဒနာခံစားရသူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစစ်ဆေးကုသပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အပူရှောင်စခန်းများတွင် တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)