ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ထိုင်းနိုင်ငံ အခြေစိုက် (FED) အဖွဲ့နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကာ စေတုတ္တရာမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများမှ ရွှေပြောင်း အလုပ်သမားအဖြစ် သွားရောက်ဖူးသူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုဝင်များ၊ စိတ်ပါဝင်စားသူများနှင့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၈ ရက် နေ့လည်(၁)နာရီက စေတုတ္တရာမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
 
အခမ်းအနားတွင် ဆရာတော် ဦးက္ကုဿရိယမှ အဖွင့်သြဝါဒစကား မြွက်ကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဦးမြင့်ဆွေ၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး ဦးဆလိုင်းလှထွန်းတို့က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုဦးမှ အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
 
ထို့နောက် ထိုင်းနိုင်ငံ အခြေစိုက် (FED) အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်မှ ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်သည့် သိကောင်းစရာများကို ဆွေးနွေးခဲ့ပြီး၊ (FED) ဝန်ထမ်း ဦးထင်အောင်မှ ရွှေ့ပြောင်း အလုပ်သမားများအတွက် ဆော့ဝဲလ် (Software) အသုံးပြုနည်းများကို သင်ကြားပြသပေးခဲ့သည်။ အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူ (၁၀၂) ဦး၊ စုစုပေါင်း (၂၄၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
 
 
စည်သူလွင်(ပြန်/ဆက်)