၁၂ ဖေဖော်ဝါရီ
လစ်ဗျားနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သည် အနောက်ဘက်ကမ်းလွန်တွင် ရွှေ့ပြောင်းအလုပ်သမား ၈၁ ဦးကို ကယ်ဆယ်ခဲ့ကြောင်း လစ်ဗျားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာအဖွဲ့အစည်း က ယမန်နေ့က ပြောကြားခဲ့သည်။
လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့က ကလေးလေးဦးနှင့် အမျိုးသမီး ၁၈ ဦး အပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၈၁ ဦး ကို ယမန်နေ့ညက မြို့တော် ထရီပိုလီသို့ ပြန်ပို့ခဲ့ကြောင်း လစ်ဗျားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ အဖွဲ့အစည်းက တွစ်တာတွင် ရေးသားဖော်ပြထားသည်။
လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ် ခေါင်းဆောင်ဟောင်း မွမ်မာ ကဒါဖီကို ဖြုတ်ချခဲ့ပြီးနောက် မြောက်အာဖရိကနိုင်ငံတွင် ဖရိုဖရဲဖြစ်ကာ လုံခြုံမှုကင်းမဲ့ခြင်းတို့ကြောင့် မြေထဲပင်လယ်ကို ဖြတ်ကာ ဥရောပသို့ သွားရောက်သည့် ထွက်ခွာရာနေရာ ဖြစ်လာသည်။
ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေကာ အကူအညီအများအပြားလိုအပ်နေသည့် လစ်ဗျားနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၆၀၀၀၀၀ ကျော် ရှိသည်ဟု လစ်ဗျားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာအဖွဲ့အစည်း က အစောပိုင်းပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ရွှေ့ပြောင်းအလုပ်သမား ၁၁၀၀၀၀ ကျော်သည် မြေထဲပင်လယ်ကို ဖြတ်ကျော်ပြီး ဥရောပသို့သွားရောက်ခဲ့ရာ လမ်းခရီးတွင် ၁၂၈၃ ဦး သေဆုံးခဲ့ကြောင်း လစ်ဗျားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာအဖွဲ့အစည်း က ပြောကြားခဲ့သည်။
လစ်ဗျားနိုင်ငံတွင် လုံခြုံရေးအခြေအနေ ဆိုးရွားလာမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် လုံခြုံသော ဆိပ်ကမ်းတစ်ခု မဟုတ်ကြောင်း လစ်ဗျားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ အဖွဲ့အစည်း က ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


