ဆီဆိုင် ၇ မေ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့သည် တာဝန်ရှိသူများနှင့်အတူ မေ ၆ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုရှိ ရေရှားပါးသည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာ အုပ်စုအတွင်းရှိ သွားလာရန် ခက်ခဲပြီး သောက်သုံးရေရှားပါးသော ဖာလိုင်(ရှေ့)ကျေးရွာနှင့် ဖာလိုင်(နောက်) ကျေးရွာသို့ သောက်သုံးရေရရှိမှု၊ ရေသုံးစွဲနေမှု အခြေအနေများနှင့် မြေသားရေလှောင်ကန်မှ ရေရရှိနိုင်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။
“ရေလုံလောက်မှုမရှိတဲ့အတွက် ရေစနစ်တကျ ပေးနိုင်ဖို့နှင့် အိမ်တိုင်းစေ့ရေရရှိဖို့က ဒီရေထွက်ကို အချိန်ပိုင်း သတ်မှတ်၍ (၂၄)နာရီ အလှည့်ကျ စောင့်ကြပ်ဖြန့်ဝေပေးပါတယ်၊ ရေတစ်ဗူးရရှိရေးအတွက် အချိန်တစ်နာရီ ကြာမြင့်ပါတယ်၊ ကျွန်တော်တို့ ဒီနှစ်ရွာပေါင်းမှ ဒီရေတွင်း တစ်ခုပဲရှိတယ်” ဟု ဒေသခံပြည်သူ ခွန်လှမောင်က ပြောသည်။
အဆိုပါ ကျေးရွာ နှစ်ရွာသည် အိမ်ခြေ ၉၆ ၊ အိမ်ထောင်စု ၁၀၅ စု၊ လူဦးရေ ၄၈၆ ဦးခန့်ရှိပြီး နှစ်စဉ် မတ်လမှ ဇွန်လအထိ ရေရှားပါးမှုဒဏ်ကို ခံစားနေရကြောင်း သိရသည်။
ရေအခက်အခဲရှိသည့် အဆိုပါကျေးရွာများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နှစ်ရက်ခြားတစ်ကြိမ်နှုန်းဖြင့် သောက်သုံးရေများ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


