နေပြည်တော် ဩဂုတ် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် ထိန်အင်းကျေးရွာ ခန့်ညားကုမ္ပဏီ၏ အသားတိုး နွားမွေးမြူရေး၊ အေးခဲအသား ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်မည့်မြေနေရာနှင့် လုပ်ငန်းစတင် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် ရသေ့တောင်ကျေးရွာရှိ ပုဂ္ဂလိက အသားတိုးကြညက် မွေးမြူရေးခြံ၌ အသားစားကြက်နှင့် အသားတိုး ဝက်မွေးမြူထားရှိမှု၊ ဒေသ၏ အသားဈေးကွက်သို့ ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဈာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရန်နှင့် ဇီဝလုံခြုံရေး အလေးထား ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမအသင်းပိုင် မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း၍ ဒေသနွားမွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးပြီး သမဝါယမအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ကိုင်သူများနှင့် လုပ်ကွက်ငယ်မွေးမြူရေး တောင်သူများအား လက်တွဲဒေါ်ယူ၍ ရေရှည်တည်တံ့သည့် မွေးမြူရေးလုပ်ငန်းများ ရှင်သန်ရေး အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသား၊ နို့၊ ဥ ထုတ်လုပ်မှု တိုးတက်ရေး၊ မွေးမြူရေးအခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်လာနိုင်ရေး၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိလာစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မွေးမြူရေး လုပ်ငန်းများ အရှိန်ဟုန်ဖြင့် အောင်မြင်ဖြစ်ထွန်းစေရေး ဌာနနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး မွေးမြူရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်


