ရန်ကုန် စက်တင်ဘာ ၇
မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၅ ခုနှစ် ဝါတွင်းကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တတိယအကြိမ် မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော ပင့်သံဃာ ၁၈ ပါး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် သံဃနာယကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တအဘိဇာတထံမှ ငါးပါးသီလခံယူဆောက်တည် ကြသည်။
ထို့နောက် ဆရာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေသည်။
အဆိုပါ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကို စက်တင်ဘာ ၂ ရက်မှ ၆ ရက်အထိ ရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


