ရန်ကုန် ၆  ဧပြီ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပါဠိပညာရှင်တို့အား ရွှေတိဂုံစေတီတော်  ဂေါပကအဖွဲ့က ထပ်ဆင့်ဂုဏ်ပြု ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် စေတီတော် ရင်ပြင်တောင်ဘက်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့များက ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလ နှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ တရားနာယူကြပြီး အမျှပေးဝေခဲ့ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၁၈ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ပူဇော်ခံရရှိတော်မူကြသည့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသနှင့် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟ သြဝါဒါ စရိယ အင်းလျားကန်ဖျား တိုက်သစ်ကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တဇာဝနာဘိဝံသ (သ.စ.သ.အ) ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူ ရရှိတော်မူသော နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ စတုဘုမ္မိက ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဒခေမိန္ဒာစာရနှင့် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရသော ပါဠိပညာရှင် ဦးစိုးမြင့်တို့အား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ထပ်ဆင့် ချီးကျူးပူဇော် ဂုဏ်ပြုခြင်းဖြစ်သည်။

(သတင်းစဉ်)

 

mdn