ရွှေတိဂုံစေတီတော်၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အောင်ပွဲနှင့် ရေစက်ချ အနုမောဒနာအခမ်းအနားကျင်းပ

ရန်ကုန်    မတ်    ၂၄

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အောင်ပွဲနှင့်ရေစက်ချ အနုမောဒနာအခမ်း အနားကို ယနေ့ နံနက်  ၉  နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာ ကြီးတန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇာဂရာဘိဝံသထံမှ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့၀င် ဦးမျိုးအောင်ဌေးက ဗုဒ္ဓပူဇနိယ မင်္ဂလာအနုမောဒနာကို လျှောက်ထားသည်။

ယင်းနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဂေါပကအဖွဲ့၀င်များ က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြ၀ါဒါစရိယ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၀င် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတ ဒွိပိဋကဓရ ၀ိနယဒီဃနိကာယပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေး​ဝေကြပြီး အခမ်းအနားကိုရုပ်သိမ်း လိုက်သည်။

ထို့နောက် စေတီတော်ရင်ပြင် ရောင်တော်ဖွင့်တန်ဆောင်း၌ သြ၀ါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း နှင့် ထီးတော်ရုံတန်ဆောင်းတို့၌ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများ၊ ဂေါပကအဖွဲ့၀င်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်မြောက်ဘက်မုခ်ရှိ အောင်မြေ၌ ကျင်းပရာ ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေး ၀တ်အသင်းအဖွဲ့များ၊ ဂေါပကရုံး ၀န်ထမ်းများက ဆွမ်းတော်ကြီးတင်လှူ ဆက်ကပ်လှူဒါန်းကြ​သည်။

ယနေ့ တပေါင်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအ၀င် တန်ခိုးကြီးဘုရားများနှင့် အနယ်နယ်အရပ်ရပ်ရှိ စေတီတော်များတွင် ဘုရားဖူး ပြည်သူများလာရောက်၍ ပန်း၊ရေချမ်း၊ဆီမီးများ ကပ်လှူပူဇော်ကြကာ ကုသိုလ် ဘာ၀နာများပွားများလျက်ရှိကြသည်။

ကိုကိုဇော်-mna