ရန်ကုန် ၁၇ ဧပြီ
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဧပြီ ၁၇ ရက် နံနက် ၄ နာရီခွဲက စေတီတော်အထက်ပစ္စယံ၌ ကျင်းပခဲ့သည်။
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အား ရောင်တော်ဖွင့်ပြီး၍ ပင့်သံဃာတော် (၁၀၈)ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် နှစ်ဆန်း(၁)ရက်နေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွင်း အန္တရာယ်ခပ်သိမ်း ကင်းဝေးစေရန် ပရိတ်တော်မြတ် ရွတ်ဖတ်ပူဇော်၍ ကျင်းပခြင်းဖြစ်သည်။
ရှေးဦးစွာ ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပေါ်၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသည့် ပင့်သံဃာတော် (၁၀၈)ပါးတို့အား သတ်မှတ်ထားရှိသော နေရာများ၌ ပင့်ဆောင်ပူဇော်ကြပြီး ဥပါသကာများက တံခွန်ကုက္ကားများကို ဆရာတော်များထံ ဆက်ကပ်လှူဒါန်းကြကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်သံဃာတော် (၁၀၈)ပါးတို့နှင့် ပတ္တမြားမျက်ရှင်တန်ဆောင်း၌ ဆရာတော်ကြီး ၂၄ ပါး၊ အရပ်ရှစ်မျက်နှာတို့၌ တစ်နေရာလျှင် သံဃာတော်(၁၂)ပါးစီ နေရာယူ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။
ထို့နောက် စေတီတော်ရင်ပြင် တနင်္ဂနွေထောင့်တွင် ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူအပ်သော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ပြုပြင်မွမ်းမံခြင်း၊ ရွှေသင်္ကန်းများ ကပ်လှူခြင်းတို့အပေါ် အမှားအယွင်းရှိပါက ခွင့်လွှတ်တော်မူပါရန် တောင်းပန်ကန်တော့ကြပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္တူများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ရေစက်ချ အနုမောဒနာတရားတော်ကို နာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဋ္ဌာတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များအား စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်းဆောင်းတွင် အာရုဏ်ဆွမ်းကပ်လှူဒါန်းခဲ့ကြသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


