ကျောက်ပန်းတောင်း၊ အောက်တိုဘာ-၃

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း၊ မိုင်တိုင်-၅၁/၆ နှင့် မိုင်တိုင် ၅၁/၇ ကြား၊ ကိုင်းကျေးရွာအနီးရှိ အမှတ် ၅/၅၂ ကွန်ကရစ်တံတားသည် ရေတိုက်စားမှုကြောင့် အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ကျိုးကျခဲ့ရာ ယာဉ်အသွားအလာများ ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။

            ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ရေလှောင်တမံသည် ရေပြည့်မှတ်ကျော်လွန်ပြီး စက်တင်ဘာ ၃၀ ရက် နံနက်(၉)နာရီမှစတင်၍ ရေပိုလွှဲမှ ရေလျှံခဲ့ရာ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမပေါ် ရေကျော်ခဲ့သည်။  ရေတိုက်စားမှုကြောင့် ယနေ့နံနက်ပိုင်းတွင် တံတား၏ မိတ္ထီလာဘက်ခြမ်းမှ ၂၂ပေ×၁၀ပေခန့်မှာ ကျိုးကျမှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ယာဉ်များသွားလာ၍ မရတော့သဖြင့် ယာယီပိတ်ထားခဲ့ရကြောင်းနှင့် မော်တော်ယာဉ်များ အမြန်ဆုံး ပြန်လည် ဖြတ်သန်း သွားလာနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်၏ အနီးကပ် ကြီးကြပ်မှုဖြင့် လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဘေလီတံတား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတား၏ လမ်းတစ်ဖက်တစ်ချက်စီတွင် ယာဉ်များပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)