ရေဦး ၁၃ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မုံရွာ - ရေဦး - ကလေးဝလမ်း၌ ဧပြီ ၁၂ ရက် ညနေပိုင်းက ခြောက်ဘီးယာဉ်တစ်စီး ဘက်ထရီအိုးအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၂ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က ရေဦးမြို့နယ် မုံရွာ - ရေဦး - ကလေးဝလမ်း အင်တောကျေးရွာအုပ်စု ပန်းကုန်းကျေးရွာအနီး၌ ခြောက်ဘီးယာဉ်တစ်စီး မီးလောင်နေကြောင်း သတင်းအရ ရေဦးမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးရန်ပိုင်ဖြိုး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဥ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ တန့်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေဦးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၂) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၃) ဦးနှင့် ကျေးရွာနေပြည်သူ (၁၀၀) ဦးတို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ နန့်တောကျေးရွာမှ မုံရွာမြို့သို့ ယာဉ်မောင်း ဦးကံလင်း မောင်းနှင်လာသော ဆီပီပါခွံတင်ဆောင်လာသည့် ခြောက်ဘီးယာဉ်၏ ဘက်ထရီအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုကြောင့် ခြောက်ဘီးယာဉ်၏ ကားခေါင်းခန်း၊ တာယာနှစ်လုံး၊ ဘက်ထရီအိုးနှစ်လုံး၊ လက်ကိုင်ဖုန်းနှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကံလင်းအား ရေဦးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


