ရိခေါ်ဒါရ် ၂၂ မတ်
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ဒေသအတွင်း စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးလာလ်ပက်လောမ်က စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ စာပေဆိုင်ရာ လှုပ်ရှားဆောင်ရွက်မည့် လုပ်ငန်းလျာထားမှုများ၊ အကျိုးကျေးဇူးများကို အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း Book Club ကို ဒေသအတွင်းရှိ စာပေချစ်မြတ်နိုးသူ ရပ်ကွက်လူငယ်များ၊ ရပ်မိရပ်ဖများ၊ ရိဒေသဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများ ပူးပေါင်း၍ အင်အား (၁၀)ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊
အဆိုပါ Book Club အဖွဲ့ အနေဖြင့် ဒေသလူငယ်များ၊ ကလေးလူရွယ်များ၊ ပြည်သူများ စာပေနှင့် ထိတွေ့ရင်းနှီးစေပြီး စာပေ ချစ်မြတ်နိုးတတ်လာစေရေး၊ စာပေဖတ်ရှုလေ့လာတတ် စေရေးနှင့် စာပေလောက၌ပါ ပါဝင်ဆောင်ရွက် နိုင်စေရေးအတွက် ရှေ့ဆောင်လမ်းပြသည့် အဖွဲ့အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Book Club အဖွဲ့မှ စာဖတ်ဝိုင်းများကို လစဉ်ပြုလုပ်သွားမည်ဖြစ်ပြီး၊ နောက်နောင်များတွင်လည်း လူငယ်လူရွယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


