ရိခေါ်ဒါရ် ၁၂ ဧပြီ
ချင်းပြည်နယ်၏ အမှတ်သင်္ကတတစ်ခုနှင့် အထင်ကရနေရာတစ်ခုဖြစ်သည့် ရိရေကန်၏ သဘာဝအလှ ပုံပန်းသဏ္ဍာန် မပျက်စေရေး၊ ရေကန်သဘာဝအလှ ထိန်းသိမ်းကာကွယ်ရေးအတွက် ချင်းပြည်နယ်အစိုးရ၏ လမ်းညွှန်မှု၊ ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် မြို့စည်ပင် သာယာရေးကော်မတီတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရိရေကန် ရေချိုးဆိပ်ကမ်းစပ် ရေတိုက်စား မှုကာကွယ်ရေးအတွက် ရေထိန်းကျောက်စီနံရံကို ဧပြီလမှစ၍ ဆောင်ရွက်နေကြောင်း သိရသည်။
ရိရေကန်ကမ်းစပ်ရေချိုးဆိပ်သည် မိုးရာသီ ရေတက်ချိန်၌ ကန်ရေလှိုင်းခတ်တိုက်စားမှုကြောင့် ကမ်းစပ်မြေအား တစ်စတစ်စဖြင့် အနည်းငယ်ပြိုကျလာခြင်းဖြစ်ပြီး အဆိုပါ ရေတိုက် စားမှုဆက်လက် မဖြစ်ပွားစေရေးအတွက် အလျား မီတာ ၅၀ (၁၆၄ ပေ)၊ နံရံအမြင့် ၉ ပေရှိ ရေထိန်းကျောက်စီနံရံကို ချင်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် Khaute Family Company Ltd. မှတာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး နွေရာသီ ရေနည်းသည့်အချိန် မေလအတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
ရိရေကန်သည် ချင်းပြည်နယ်မြောက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ်အနီး ပင်လယ်ရေမျက်နှာ ပေ အထက် ၂၉၆၆ ပေရှိ တောင်ကုန်းပေါ်၌ တစ်မူထူးခြားစွာ သဘာဝအတိုင်း တည်ရှိခြင်း ဖြစ်ပြီး ရိရေကန်သို့ လာရောက်လည်ပတ်ကြည့်ရှုသူ၊ လေ့လာရေးနှင့် အပန်းဖြေခရီးဖြင့် ရောက်ရှိ လာသူ ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ နှစ်စဉ်နှင့်အမျှ ပိုမိုများပြားလာသည့် နေရာဒေသ တစ်ခု ဖြစ်ကြောင်း၊ ရိရေကန်သို့ လာရောက်လည်ပတ်နိုင်သည့် လမ်းကြောင်းများမှာ ဟားခါး-ဖလမ်း-ရိခေါ်ဒါရ် လမ်းကြောင်း ၁၀၈ မိုင်၊ ကလေး-တီးတိန်-ရိခေါ်ဒါရ်လမ်းကြောင်း ၈၉ မိုင်၊ ဖလမ်း-ရိခေါ်ဒါရ် လမ်းကြောင်း ၆၄ မိုင် နှင့် တီးတိန်-ရိခေါ်ဒါရ်လမ်းကြောင်း ၃၂ မိုင်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ် ပြန်/ဆက်


