ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လက်တွေ့ဖော်ဆောင်

၂၂ ဒီဇင်ဘာ

 

ကြေးမုံအယ်ဒီတာ့ အာဘော်

 

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRDလုပ်ငန်းများအား နိုင်ငံတော်က ဦးစားပေးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်ကို နေ့စဉ်မြင်တွေ့ ကြားသိနေရပါသည်။ယခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်၊မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးသည်နှင့် အဆိုပါဒေသများတွင် UEHRD စီမံကိန်းလုပ်ငန်းများကိုနိုင်ငံတော်နှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ရာ ယနေ့ကာလတွင် စီမံကိန်းလုပ်ငန်းများအားသိသာထင်ရှားစွာ အကောင်အထည်ဖော်နိုင်ခဲ့သည်ကို တွေ့ရပါသည်။

 

ရခိုင်ပြည်နယ်သည် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အခြားသောအကြောင်းများကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သော ဒေသတစ်ခုဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုနှစ်မတိုင်မီ အစောပိုင်းကာလကတည်းကစတင် အကောင်အထည်ဖော်လာခဲ့သည်ကို တွေ့ရပါသည်။ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ARSA အစွန်းရောက်အကြမ်းဖက်သမားများက နယ်စပ်လုံခြုံရေးစခန်းများအား တစ်ပြိုင်နက်တိုက်ခိုက်သည့် ဖြစ်စဉ်များဖြစ်ပွားပြီးနောက် တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြသူများကို အကြောင်းပြု၍ နိုင်ငံတကာ၏ဖိအားများ၊ ပြစ်တင်ဝေဖန်စွပ်စွဲပြောဆိုမှုများ၊ မမှန်သတင်းလုပ်ကြံမှုများနှင့်ထုတ်လွှင့်မှုများ၊ယင်းတို့ကိုအခြေခံ၍ မြန်မာနိုင်ငံအပေါ် အရေးယူရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်လာကြသည်။

 

မြန်မာနိုင်ငံအနေဖြင့် မည်သူတရားပျက်ပျက် ကိုယ်မပျက်သည့်သဘောဖြင့် မိမိအလုပ်ကို မိမိအကောင်းဆုံးပြုလုပ်ကာ မှန်ကန်သည့်အလုပ်သက်သေဖြင့် ဆောင်ရွက်နေသည်မှာ တရားနည်းလမ်းကျသောလုပ်ဆောင်မှုဟု ပြောနိုင်ပါသည်။ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏လက်ချက်ကြောင့် မြန်မာနိုင်ငံ ထိခိုက်နစ်နာခဲ့သော်လည်းဒုက္ခဆင်းရဲကြုံတွေ့ကြသော မိမိတို့တိုင်းရင်းသားများအတွက် သာမကဘာသာလူမျိုး မခွဲခြားဘဲ လူသားအားလုံးအပေါ်တွင် စာနာထောက်ထားမှုအပြည့်ဖြင့် တစ်ပြေးညီ တစ်ပြိုင်နက် မျှတစွာ ကူညီထောက်ပံ့ ဆောင်ရွက်ပေးနေသည်ကို လက်တွေ့မျက်မြင် တွေ့ရှိနေရပါသည်။တစ်ချိန်တည်းတွင် ဘေးဒုက္ခကျရောက်ခဲ့သော ပြည်သူအားလုံးဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် လူမှုဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးရေးအပြင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့သော ရခိုင်ပြည်နယ်အားဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခု ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းလုပ်ငန်းရှင်များ ပူးပေါင်းလက်တွဲ၍ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ပေးနေပါသည်။

 

ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသလုံခြုံရေးတွင် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျသဖြင့် မောင်တောဒေသတွင် လမ်းကွန်ရက်များဆောင်ရွက်နေသည်မှာ အားရဖွယ်အနေအထားရှိပါသည်။ ဘူးသီးတောင်၊မောင်တော၊ ရသေ့တောင်ဒေသတွင် လမ်းများ၊ တံတားများ တည်ဆောက်ဖောက်လုပ်ပေးခြင်း၊ ကျောက်ပန္တု-စေတီပြင်လမ်းနှင့် ကြိမ်ချောင်း-ဂုပ္ပိရိုးမဖြတ်လမ်း နှစ်လမ်းဖောက်လုပ်ပေးခြင်း၊ စစ်တွေမှ မောင်တောအထိတိုက်ရိုက်သွားရောက်နိုင်မည့် ၉၅ မိုင်ရှည်သော စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောလမ်းမကြီး ဖောက်လုပ်ခြင်း၊ထိုလမ်းတွင် တံတား ငါးစင်း တည်ဆောက်ခြင်း၊ မေယုတောင်တန်းအရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းဒေသများ ဖွံ့ဖြိုးရေးနှင့်ဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် မြေသားလမ်း၊ ကွန်ကရစ်လမ်းနှင့် ထိုလမ်းများ ပေါ်တွင် တံတားငယ် ၅၂ စင်း တည်ဆောက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်နေသည်မှာ ကဏ္ဍတစ်ခု၏ တိုးတက်ဖြစ်ထွန်းမှုဟုဆိုနိုင်ပါသည်။

 

အလားတူ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများစွာတို့ကိုတစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်မှာ နိုင်ငံတော်၏ မှန်ကန်သောအလုပ်ဖြင့် လက်တွေ့သက်သေပြသနိုင်သည့် ပကတိ အရှိတရားများဖြစ်ရာ မြန်မာနိုင်ငံအပေါ် မမှန်ကန်သောဆောင်ရွက်မှုများ၊ အားထုတ်မှုများအား အလုပ်ဖြင့် သက်သေပြသည့် ဖွံ့ဖြိုးတိုးတက်မှုများဖြင့် ဆက်လက်ချေဖျက် သွားမည်ဖြစ်ပါကြောင်း။