တောင်ကုတ် ၂ ဧပြီ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဦးဝင်းမြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နံနက် ၈ နာရီတွင် ကျော်ကိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့ ရောက်ရှိကြပြီး ကျော်ကိုင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အမှာစကားပြောကြားပြီး ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူများက ကျေးရွာချင်းဆက်လမ်း ဆောက်လုပ်ပေးရေး၊ ကျေးရွာတွင်းလမ်းပေါ်တွင် Box Culvert ဆောက်လုပ်ပေးရေး၊ ကျေးရွာသောက်သုံးရေဖူလုံစွာ ရရှိရေး၊ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် နည်းပညာနှင့် အခြားလိုအပ်ချက်များ ပံ့ပိုးကူညီပေးရေးနှင့် အခြားလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြပြီးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ယင်းနောက် ဝန်ကြီးချုပ်သည် ကျော်ကိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအဝင်လမ်းပေါ်တွင် Box Culvert ဆောက်လုပ်ရန် ငွေကျပ် (၁၀)သိန်းနှင့် ကျောင်းအတွင်း ရေစင်တည်ဆောက်ရန် ငွေကျပ်(၁၀)သိန်းတို့ကို တာဝန်ရှိသူများထံ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စလူကျေးရွာသို့ ရောက်ရှိကြပြီး စလူကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဦးညီပုက အမှာစကားပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက နွေရာသီရေလုံလောက်စွာ ရရှိစေရေးနှင့် ရေသိုလှောင်ကန်တည်ဆောက်ရေးနှင့် အခြားအခြေခံလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဝန်ကြီးချုပ်သည် ကျေးရွာများတွင်သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် ရေစည်နှင့် ရေပိုက်ခေါင်းများတပ်ဆင်ရန်အတွက် ရေပေါ်ကြီး ကျေးရွာအတွက် ငွေကျပ်(၁၅)သိန်း၊ သပြေကျေးရွာ အတွက်ငွေကျပ် (၁၀)သိန်းနှင့် တိုးချဲ့ကျေးရွာအတွက် ငွေကျပ် (၁၀)သိန်းတို့ကိုပေးအပ်ပြီး ဒေသခံများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
မျိုးသူထွန်း


