နေပြည်တော်  ၁၈  မတ် 

 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၄ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်စစ်ကြောင်းများ လိုက်ပါလာသည့် မော်တော်ယာဉ်တန်းအား မြောက်ဦး-ကျောက်တော်ကားလမ်း မိုင်တိုင်အမှတ် ၁၁၈/၂ အနီး လမ်းဘေးဝဲယာမှ အရပ်ဝတ်များ ဝတ်ဆင်ထားသော AA အဖွဲ့မှ  ၁၀ ဦးခန့်က ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့်  အပြန်အလှန် ပစ်ခတ် တိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဆုတ်ခွာရာ နောက်သို့ တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်လိုက်လံရှင်းလင်းစဉ် မြောက်ဦးမြို့နယ်၊ ဘုရားကြီးကျေးရွာနေ ဦးစိန်လှ (ဘ) ဦးလှထွန်းအောင် အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၁ စီး နှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ မော်တော် ဆိုင်ကယ်  တူးဘောက်အတွင်းမှ ပလတ်စတစ်ဘူးဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်မိုင်း ၁ လုံးနှင့်အတူ  ဖမ်းဆီးရမိခဲ့ကြောင်း။

 

အလားတူ မတ် ၁၅ ရက်ကလည်း မြောက်ဦးမြို့နှင့် တိမ်ညိုကျေးရွာကြား လုံခြုံရေးဆောင်ရွက်စဉ် တပ်မတော်စစ်ကြောင်းများနှင့် AA အဖွဲ့တို့ ထိ တွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီး AA အဖွဲ့ အသုံးပြုခဲ့သည့် Honda Wave  အမျိုးအစား မော်တော်ဆိုင်ကယ် ၁ စီးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ထို့အတူ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံ ရေး ဆောင်ရွက်ရန်အတွက် တပ်မတော်စစ်ကြောင်းများသည် စစ်တွေမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာရာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာနှင့် သရက်ချို ကျေးရွာကြား ရောက်ရှိစဉ် ကားလမ်း၏ ဘယ်ဘက်ခြမ်း၌ အသင့်စောင့်ဆိုင်းနေသည့် AA  အဖွဲ့မှ အင်အား ၃၀  ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊  ဖြစ်စဉ် နေရာ တစ်ဝိုက်အား ရှင်းလင်းဆောင်ရွက်စဉ် အလောင်း ၁ လောင်းနှင့်  ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း။

 

ရခိုင်ပြည်နယ် ဝါးနက်ရုံဒေသအတွင်းရှိ နယ်စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်း များကို နှောက်ယှက်လျက်ရှိသော AA အဖွဲ့ကို တိုက်ခိုက် ချေမှုန်းလျက်ရှိရာ နယ်စပ် မှတ်တိုင်အမှတ်၊ ဘီပီ- ၆၇ အနီးရှိ ပွိုင့်-၈၀၂ တောင်ကုန်း၌ အခြေပြုနေထိုင် လျက် ရှိသော AA အဖွဲ့ကို မတ် ၁၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူများရယူ၍ ချီတက်ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း၊  ဖြစ်စဉ်တွင် အလောင်း နှင့် လက်နက်အချို့၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ တပ်မတော် စစ်ကြောင်းများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေး ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

 

(သတင်းစဉ်)