စစ်တွေ ၆  ဧပြီ

 

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိကြောင်း အဆိုပြုလွှာ Expression of Interests (EIO) လက်မှတ်ရေးထိုးပြီး နောက်ဆက်တွဲလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုကျင်းပသော အစည်းအဝေး၏ အဓိက ရည်ရွယ်ချက်သည် ငပလီကမ်းခြေတွင် ကျင်းပခဲ့သော Rakhine State Investment Fair 2019 ၏ နောက်ဆက်တွဲဖြစ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက်မည့်  အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြရန် ကျင်းပခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည့် အစီအစဉ်များကို ပွင့်ပွင့်လင်းလင်း စေတနာထားပြီး ဆွေးနွေးပေးကြစေလိုကြောင်း၊ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများကလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေသည့် အလားအလာကောင်းများကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ တက်ညီလက်ညီ ပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် လက်ရှိတင်ပြထားသော EIO အဆင့်သာမက ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများ တင်ပြနိုင်သည့်အထိ အသေးစိတ် ဆက်လက်ဆွေးနွေးပြီး ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် သက်ဆိုင်ရာ ဌာနများအနေဖြင့်လည်း ကုမ္ပဏီများ၏ တင်ပြချက်၊ လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာပေးခြင်းအားဖြင့် ရခိုင်ပြည်နယ်ကို ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း တစ်ခုအဖြစ် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

1

 

ယင်းနောက် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ကြမည့် ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းရှင်းများနှင့် ကုမ္ပဏီများက မိမိတို့ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအပေါ် အသေးစိတ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ညှိနှိုင်းဆွေးနွေးပေးကြသည်။

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ငပလီကမ်းခြေတွင် ကျင်းပခဲ့သော ရင်းနှီးမြှုပ်နှံမှုပြပွဲ Rakhine State Investment Fair 2019 တွင် EIO လက်မှတ်ရေးထိုးတင်ခဲ့သော ကုမ္ပဏီ ၂၇ ခုရရှိခဲ့ပြီး  Project Proposal တင်ပြခဲ့ သော ကုမ္ပဏီ ၂ ခုနှင့် ကုမ္ပဏီအချင်းချင်း ရေးထိုးခဲ့သော  MOU တစ်ခုအပါအဝင် စုစုပေါင်း ကုမ္ပဏီ ၃၀ ခုရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိကြောင်း အဆိုပြုလွှာ EIO လက်မှတ်ရေးထိုးပြီး နောက်ဆက်တွဲ လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၁၆ ခုမှ လုပ်ငန်းရှင်းများနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြကြောင်းသိရသည်။ 

 

သတင်း- ဓာတ်ပုံ တင်ထွန်း(ပြန်/ဆက်)

 

1