ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကြိုတင်ဆောင်ရွက်လျှက်ရှိ

စစ်တွေ  ၃   မတ် 

 

ရခိုင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာရေးနှင့် မသမာမှုများ ကင်းရှင်းရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ အထောက်အပံ့အကူအညီများဖြင့် ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

“ဒီနှစ်ဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် မေးခွန်းပုံစံပြောင်းထားတာရှိတယ်။ အဲလိုမျိုး မေးခွန်းပုံစံပြောင်းတာကို အားလုံးသိအောင်  တစ်မြို့နယ်က သက်ဆိုင်ရာဘာသာရပ်အလိုက် တစ်ဘာသာကို ငါးယောက်စီခေါ်ပြီး စစ်တွေတက္ကသိုလ်မှာ ပါမောက္ခတွေက မေးခွန်းပုံစံနဲ့ပတ်သက်ပြီး ရှင်းပြတယ်။ မြို့နယ်အလိုက် ဆရာ ဆရာမတွေကို ထပ်မံပို့ချဖို့အတွက် တစ်မြို့နယ်က တစ်ဘာသာကို သုံးယောက်စီ စစ်တွေတက္ကသိုလ်ကိုခေါ်ပြီး ဘာသာရပ်အတွက် ကျွမ်းကျင်မှု ရှိအောင်ပို့ချပေးပါတယ်၊ ဒါတွေဟာ ပြည်နယ်ရဲ့ အောင်ချက်မြင့်မားရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်က ပြောသည်။

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်တွင် စာစစ်ဌာန ၁၂၁ ဖွင့်လှစ်၍ စစ်ဆေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၄၅၅၃၃ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

 

ထို့သို့ဖြေဆိုရန်အတွက် စာစစ်ဌာန ၁၂၁ ခုတွင် ကြီးကြပ်ရေးမှူး ၁၂၁ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ကျောင်းသားဦးရေ ရှစ်ရာထက်ကျော်သည့် စာစစ်ဌာနရှစ်ခုရှိသည့် အတွက်ကြောင့် ကြီးကြပ်ရေးမှူး ၁၂၉ ဦးတို့မှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး  မသမာမှု ကင်းရှင်းရေးအတွက် ရခိုင်ပြည်နယ်အစီအစဉ်ဖြင့် သီးခြားပြုလုပ်နေခြင်းများလည်းရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ အကူအညီကိုရယူကာ ဆောင်ရွက်နေသည်မှာ သုံးနှစ်ရှိပြီဖြစ်ကြောင်း၊ မသမာမှုကင်းရှင်းရေးဆောင်ရွက်သည့်အခါ မိမိကျောင်းမှ ဆရာ၊ ဆရာမ များသည် ဒေသခံများဖြစ်သည့်အတွက် အဆင်မပြေမှုများရှိရာ ကြီးကြပ်ရေးမှူးများက မိမိတို့နှင့်အတူ စာဖြေခန်းဆယ်ခန်းရှိလျှင် ဆရာ၊ ဆရာမ ဆယ်ဦးနှင့် ရုံးအဖွဲ့သုံးဦးကိုခေါ်ဆောင်လာနိုင်ပြီး ၎င်းဆရာ၊ ဆရာမများနှင့် ဒေသခံဆရာ၊ ဆရာမများပူးပေါင်းကာ ကြီးကြပ်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ထိုသို့ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများခေါ်ဆောင်ရန်အတွက် ကုန်ကျစရိတ်များကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ကူညီပေးထားကြောင်း ပြည်နယ်ပညာရေးမှူးက ပြောသည်။

 

“မသမာမှုကင်းရှင်းရေး စတင်ဆောင်ရွက်ခဲ့တဲ့နှစ်မှာဆိုလို့ရှိရင် ရခိုင်ပြည်နယ်ရဲ့ အောင်ချက်ရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံးမှာ အောက်ဆုံးအခြေအနေသို့ရောက်ရှိသွားခဲ့ပါတယ်၊ သို့သော်လည်း ကျောင်းသား၊ ကျောင်းသူတွေက မသမာမှုလုပ်လို့မရတော့ဘူးဆိုတဲ့ အသိတွေကြောင်း ကြိုးစားလာကြတဲ့အခါ  ၂၀၁၇ခုနှစ် ထက် ၂၀၁၈ ခုနှစ်မှာတော့  လေးရာခိုင်နှုန်းကျော် တိုးတက်လာတာကို တွေ့ရပါတယ်၊ ဒီနှစ်မှာ ရခိုင်ပြည်နယ်အနေနဲ့ အခက်အခဲများစွာရှိတဲ့အတွက် ယခင်နှစ်တွေထက် အောင်ချက်အသင့်အတင့်သာ တိုးတက်လာနိုင်ဖို့မျှော်လင့်ရပါတယ်”ဟု ဦးအောင်သန်းမြင့်က ပြောသည်။

 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင်စခန်းများမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်သက်၍ အဆိုပါကျောင်းသား၊ ကျောင်းသူများမှာ ပြင်ပမှဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူများဖြစ်ပြီး ယခုအခါ မိမိရပ်ရွာများသို့ ပြန်လည်ရောက်ရှိနေထိုင်ကြပြီး ဖြစ်သည့်အတွက် ၎င်းတို့စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသော ခုံအမှတ်ထွက်ရှိသည့် စာစစ်ဌာနများတွင် ဖြေဆိုသွားကြမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းမှာ ၂၀၁၅-၁၆ ခုနှစ်တွင် ၃၄၈၂၂ ဦးဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်သူ ၇၃၈၀ဖြင့် ၂၁.၁၉ ရာခိုင်နှုန်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၃၈၄၄၀ ဦးဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်သူ ၆၅၉၈ ဖြင့် ၁၇.၁၆ ရာခိုင်နှုန်း၊ ၂၀၁၇ - ၁၈ ခုနှစ်တွင်   ၄၀၁၇၉ ဦး ဝင်ရောက်ဖြေဆိုရာတွင်  ၈၆၂၀ ဦး အောင်မြင်ခဲ့ကာ ဂုဏ်ထူးရရှိသူ ၁၄၂၄ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၁ ဒသမ ၄၅ ရခိုင်နှုန်းထိ တိုးတက်လာကြောင်း သိရသည်။ 

 

တင်ထွန်း(ပြန်/ဆက်)

 

1.02