စစ်တွေ ၁၀  ဧပြီ

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။

 

22

 

အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့်  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဖုန်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

33

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က   ယခု တွေ့ ဆုံပွဲသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူ ပြုအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တွေ့ဆုံသည့် အခမ်းအနားဖြစ်ပါကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို နိုင်ငံတော်သမ္မတရုံးက မတ် ၁၄ ရက်တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကော်မတီဖွဲ့စည်းပြီးနောက် ပထမအကြိမ် အစည်း အဝေး ကျင်းပခဲ့ပါကြောင်း။

 

ကော်မတီအနေဖြင့် ယခု ပထမအကြိမ် ရခိုင်ပြည်နယ်သို့ လာရောက်ခြင်း ဖြစ်ပါ ကြောင်း၊ ရန်ကုန်မြို့၌လည်း ရခိ်ုင်အသင်းအဖွဲ့များနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင် များ၊ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံပွဲတစ်ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီက တွေ့သင့်တွေ့ထိုက်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များနှင့် တွေ့ဆုံ၍ ကော်မတီအနေဖြင့် ပြည်ထောင်စုအစိုးရသို့ အစီရင်ခံစာတစ်ခု တင်သွင်းရမည် ဖြစ်ပါကြောင်း၊  ရေတိုရေရှည်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းများ နှင့် ပတ်သက်၍ အစီရင်ခံစာတစ်ခု တင်သွင်းရမည်ဖြစ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲမှ အကြံပြုဆွေးနွေး တင်ပြချက်များကို မှတ်တမ်းရယူပြီး အဆိုပါ အချက်အလက်များ အပေါ်တွင် မူတည်၍ အစီရင်ခံစာတွင် ထည့်သွင်းရေးသားမည်ဖြစ်ပါကြောင်း၊   ရခိုင်ပြည်နယ်တွင်   ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခ အခြေအနေ များကို သုံးသပ်ဆွေးနွေး ပေးစေလိုပါကြောင်း၊ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့နှင့် ကော်မတီ နောက်ဆက် တွဲ အစည်း အဝေးတစ်ခု ဆက်လက်ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊

 

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ၏ ရုံးတစ်ရုံး ကို ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါရုံးနှင့် ပတ်သက်သည့် ကိစ္စများကိုလည်း ဖွဲ့စည်းရန်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းကော် မတီ တစ်ခုကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်း ကော်မတီ ဖွဲ့စည်း ရေးကိစ္စနှင့် စပ်လျဉ်း၍  ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း စသည်ဖြင့်  ပြောကြားသည်။

 

ထို့နောက်    ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော် မတီ  ဒုတိယဥက္ကဋ္ဌများ ၊  ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများ အမြန်ဆုံးလျော့ကျ၍ ရခိုင်ပြည်နယ် တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် စီမံချက်များ၊  လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။

 

ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော် မတီ ဥက္ကဋ္ဌ  ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

မွန်းလွဲ  ၁ နာရီခွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုကော်မတီနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊  လွှတ်တော်ရေးရာ ကော်မတီ များမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ရခိုင်ပြည်နယ်လွှတ်တော်ရုံး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းတွင် ပြုလုပ်သည်။

 

 တွေ့ဆုံပွဲတွင်  ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး   ဒုတိယဥက္ကဋ္ဌများ၊    ကော်မတီ အဖွဲ့ဝင်များက ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။

 

ညနေ ၄ နာရီတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီနှင့် စစ်တွေမြို့ရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများ တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေး ခန်းမ (၁)၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌက  ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူများအတွက် ငွေကျပ်သိန်းတစ်ထောင်ကို ကျောက်တော်နှင့် မြောက်ဦး မြို့ရှိ လူမှုကူညီရေးအဖွဲ့များမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ရသေ့တောင်၊ မင်းပြားနှင့် ကျန်မြို့နယ်များအတွက်လည်း ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဒုတိယ ဥက္ကဋ္ဌများက ဆွေးနွေးပြောကြားပြီး   အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

(သတင်းစဉ်)