ဂွ ၂၄ မတ်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုသည် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဂွမြို့နယ် အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုး ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၈ နာရီတွင် ဂွမြို့နယ် ကိုင်းခုံကျေးရွာ သို့ရောက်ရှိကြပြီး ကိုင်းခုံကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံ၍ ဒေသအခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲ များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ယခုကဲ့သို့လာရောက်ခြင်း ဖြစ်ပါကြောင်း၊ မိမိဒေသ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ဦးစားပေးအလိုက် ပွင့်ပွင့်လင်းလင်း တင်ပြ ပေးကြရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ကိုင်းခုံကျေးရွာဘောလုံးကွင်းတည်ဆောက်ရေးအတွက် ငွေကျပ် (၁၅)သိန်း ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပလင်မော်ကျေးရွာသို့ သွားရောက်၍ ပလင်မော်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က လက်ရှိအစိုးရ စတင်တာဝန်ယူသည့် အချိန်မှစ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့်လည်း မိမိပြည်နယ်အတွင်း၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံချက်များ ရေးဆွဲ၍ ဒေသအလိုက်၊ ကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက ဒေသတွင်း လိုအပ်လျက်ရှိသည့် အခြေခံ အဆောက်အဦများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်းပြောကြားကြပြီး ကျင်းကြီးကျေးရွာ၌ တံတားတည်ဆောက်ရန် ငွေကျပ် (၁၀)သိန်းနှင့် ဂျိုင်ကြီးကျေးရွာ စာကြည့်တိုက်အတွက် ငွေကျပ် သုံးသိန်းတို့ကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရမာကျွန်းသို့ရောက်ရှိကြပြီး ဒေသခံပြည်သူ များနှင့်တွေ့ဆုံကာ လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လိုသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြပြီး ရမာရွာအဝင်လမ်းပေါ် ရှိ Box Culvert တစ်စင်းတည်ဆောက်ရန် ငွေကျပ်(၁၅)သိန်းကို ပေးအပ်လှူဒါန်းသည်။
မျိုးသူထွန်း


