သံတွဲ ၂၂ မတ်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် သံတွဲမြို့ရှိ မြို့ပေါ်ရပ်ကွက်များ ရေပေးဝေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား သံတွဲမြို့နယ် စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်စောက ရေသိုလှောင်ကန် တည်ဆောက်ထားရှိမှု အခြေအနေ၊ မြို့တွင်းရေးပေးဝေမှုစနစ်၊ ရေပေးဝေရေးအတွက် မိန်းရေပိုက်လိုင်းများ သွယ်တန်းတပ်ဆင်ခြင်းနှင့် ရေတွန်းစက်ရုံများ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဂါလံတစ်သိန်းဆံ့ ရေစုကန်တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရေသိုလှောင်ကန်နှင့် ဂါလံတစ်သိန်းဆံ့ ရေစုကန်တည်ဆောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သံတွဲမြို့ ပေါ်ရပ်ကွက်များ သောက်သုံးရေးဖူလုံစွာ ရရှိနိုင်ရေးအတွက် ရေပေးဝေမှုစနစ် ပိုမိုကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များကို မှာကြားသည်။
သံတွဲမြို့ ရေသိုလှောင်ကန်မှတစ်ဆင့် သံတွဲမြို့ပေါ်ရှိ ရပ်ကွက်(၇)ရပ်ကွက်သို့ သောက်သုံးရေ ပေးဝေလျက်ရှိကြောင်းသိရသည်။
မျိုးသူထွန်း


