ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နွေရာသီအခြေခံကွန်ပျူတာနှင့် ရှေးဦးပြုစုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

စစ်တွေ မေ ၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နွေရာသီအခြေခံကွန်ပျူတာနှင့် ရှေးဦးပြုစု နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်ထဲက တတိယအချက်ဖြစ်သော နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည်စုံသော လူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့် မူဝါဒနှင့်အညီ လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်သည့် ဌာနအဖွဲ့အစည်းများက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ဘဝတွင် အနာဂါတ်အတွက် မျှော်လင့်ချက်များနှင့်အတူ အားမာန်ပြည့်စုံခြင်း၊ နိုးကြားတက်ကြွခြင်း၊ သွက်လက်ဖျတ်လတ်ခြင်း၊ စူးစမ်းလိုခြင်းနှင့် စွန့်စားလိုစိတ်ရှိခြင်း၊ တီထွင်ဖန်တီးတတ်ခြင်းစသည့် အရည်သွေးကောင်းများသည် ပင်ကိုယ်ဗီဇမွေးရာပါ ကိုယ်ရည်ကိုယ်သွေးရှိပြီးသား ဖြစ်သည့်အတွက် ကောင်းမွန်စွာလေ့ကျင့်ပေးပါက မိမိတို့လူမျိုး၊ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ နိုင်ငံတော်အတွက် ဦးဆောင်နိုင်စွမ်းရှိသော အင်အားစုတစ်ရပ်ဖြစ်လာ နိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒစကား ပြောကြားရာတွင် ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဥပဒေကို သိရှိလေးစားလိုက်နာတတ်စေရန်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်များကိုကျေပွန်စွာ ပြုမှုနေထိုင်တတ်စေရန်လည်း လမ်းပြသွန်သင် ပေးသွားကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း။

ထိုသို့လမ်းညွှန်ချက်များအနက် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်များကို ကျေပွန်စွာ ပြုမူနေထိုင်တတ်စေရန် ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ သင်တန်းသား၊ သင်တန်းသူ လူငယ်မောင်မယ်များအနေဖြင့် မိမိတို့နေထိုင်ရာဒေသ အကျိုးအတွက် လူမှုရေးနယ်ပယ်က တတ်စွမ်းသမျှကူညီ ဆောင်ရွက်ပေးစေလိုသည့်အတွက် သင်တန်းဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကပို့ချပေးလိုက်သည့် အခြေခံပညာရပ်များကို အသုံးချပြီး မိမိတို့အလုပ်အကိုင် အခွင့်အလမ်းကို ပွင့်လန်းစေရန် ထိထိရောက်ရောက် စိတ်ဝင်တစားလေ့လာကြရန် မှာကြားလိုကြောင်း၊ အလားတူ ရှေးဦးပြုစုခြင်း အတတ်ပညာသည် ဒဏ်ရာရသူ သို့မဟုတ် ရုတ်ချည်းနာမကျန်း ဖြစ်သည့်သူကို လူနာတင်ယာဉ် သို့မဟုတ် ဆရာဝန်နှင့် နားလည်တတ်ကျွမ်းသူတို့ထံသို့ မရောက်မီ ဒဏ်ရာကို ချက်ချင်းရှေးဦးပြုစု ကူညီပေးခြင်းဖြစ်ပြီး ဒဏ်ရာကြောင့် ဖြစ်ပေါ်လာစေသည့် စိတ်ဖိစီးမှုများအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီပြုစုခြင်းလည်း ပါဝင်ကြောင်း၊ ရှေးဦးပြုစုခြင်း၏ ရည်ရွယ်ချက်များက အသက်နှင့် ခန္ဓာကိုယ် တည်မြဲစေရန်၊ အခြေအနေပိုမိုမဆိုးဝါးသွားစေရန်၊ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန်နှင့် ဆေးအကူအညီ အမြန်ဆုံးရယူနိုင်စေရန် စသည့်အချက်များကို အခြေခံပြီး မိမိသော်လည်းကောင်း၊ မိမိ၏မိသားစုသော် လည်းကောင်း၊ မိမိ၏ပတ်ဝန်းကျင်နှင့် မိမိတို့နည်းတူ အတန်းဖော်ကျောင်းသား၊ ကျောင်းသူများကိုလည်း ကူညီပေးရာရောက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ မောင်မယ်များမှသည် ဘေးကင်းပျော်ရွှင်သည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးရှင်များအဖြစ် မိမိကိုယ်ကို ပြောင်းလဲကြိုးစားပြီး မိမိတို့နေထိုင်ရာ လူ့အဖွဲ့အစည်းပတ်ဝန်းကျင်ကို ကူညီတတ်သည့် အလေ့အကျင့်ကောင်းများ အစဉ်အမြဲကိန်းအောင်ကာ ခံယူချက်ပြည့်ဝသည့် စံပြလူငယ်မောင်မယ်များ ဖြစ်လာနိုင်ပါစေကြောင်း ဆန္ဒပြုပြီး ယခုအချိန် အခါသည် လင်းလက်ကြယ်များ တောက်ပချိန်အဖြစ် အခါအခွင့်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် တီရှပ်နှင့် ထောက်ပံ့ငွေများကို ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

နွေရာသီအခြေခံကွန်ပျူတာတွင် သင်တန်းသား၊ သင်တန်းသူ ၅၃ ဦး တက်ရောက်ကြမည်ဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ ဆရာ၊ ဆရာမများက သင်ကြားပို့ချသွားမည်ဖြစ်ကာ အခြေခံရှေးဦး ပြုစုနည်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၆၄ ဦး တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ရှေးဦးပြုစုနည်းပညာရပ်ကို ကျွမ်းကျင်သည့် နည်းပြ ဆရာ၊ ဆရာမများက သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းများကို ရက်သတ္တပတ် ၄ ပတ်ကြာ စာတွေ့လက်တွေ့ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)