မန္တလေး၂၆ မတ်
ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု၏ အလုပ်အမှုဆောင်များနှင့် မြို့နယ် သမဝါယမ ဦးစီးအရာရှိတို့သည် ရရှိလာသောချေးငွေများကို အခြေခံ သမဝါယမ အသင်းများသို့ ထပ်မံထုတ်ချေးခြင်းမရှိပဲ အလွဲသုံးစားပြုလုပ်ထားခဲ့ကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ အသုံးစာရင်း စစ်ဆေးတွေ့ရှိချက်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ ၊ အသုံးစာရင်းစစ်ဆေးတွေ့ရှိချက်များကို မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က တင်ပြခဲ့သည်။
‘ဒီချေးငွေတွေကို သမဝါယမအသင်းချုပ်ရဲ့ စစ်ဆေးမှုအရ ၊ ပြည်ထဲရေးရဲ့ ညှိနှိုင်းမှုအရ ပူးပေါင်းစစ်ဆေးမှုတွေအရ တွေ့ရှိရပါတယ်။ အဲဒါကတော့ ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု၏ အလုပ်အမှုဆောင်များနှင့် မြို့နယ် သမဝါယမ ဦးစီးအရာရှိတို့သည် ရရှိလာသောချေးငွေတွေကို အခြေခံသမဝါယမအသင်းတွေကို ထပ်မံထုတ်ချေးခြင်းမရှိပဲ အလွဲသုံးစားမှုဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်’ဟု မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်အေးဆွေက ပြောသည်။
ရမည်းသင်းမြို့နယ် သမဝါယမအသင်းစုကို China Exim Bank ချေးငွေလုပ်ငန်းအပါအဝင် လုပ်ငန်းခွဲ ၁၄ ခုမှ ချေးငွေလုပ်ငန်းဆောင်ရွက်ရန် တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ရဲ့ ရတနာပုံ အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းတို့မှ ချေးငွေတွေထုတ်ချေးခဲ့ကြောင်းသိရသည်။
ယခုလို အလွဲသုံးစားမှုကို စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အိမို့မို့ခိုင်


