တောင်ကြီး စက်တင်ဘာ ၉
၂၀၂၅ ခုနှစ် ရှမ်းပြည်နယ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီက တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အခြေခံပညာ (၁၀-၁၅) အမျိုးသား မဟာဂီတအဆိုပထမဆု၊ အမျိုးသမီးမဟာဂီတအဆို ဆုရရှိသူများ၊ အခြေခံပညာ (၁၅-၂၀) အမျိုးသား မဟာဂီတအဆို ဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အခြေခံပညာ (၁၅-၂၀) အမျိုးသား အမျိုးသမီးမဟာဂီတအဆို ဆုရရှိသူများ၊ အခြေခံပညာ (၁၀- ၁၅) အမျိုးသား အမျိုးသမီး အဆိုခေတ်ဟောင်းကာလပေါ် ဆုရရှိသူများကို လည်းကောင်း ဆုများချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ အခြေခံပညာ(၁၅-၂၀) အမျိုးသား အမျိုးသမီးအဆို ခေတ်ဟောင်းကာလပေါ် ဆုရရှိသူများ၊ အဆင့်မြင့်ပညာ အမျိုးသား အမျိုးသမီးအဆို ခေတ်ဟောင်းကာလပေါ် ဆုရရှိသူများ၊ အဆင့်မြင့် ပညာအမျိုးသား အမျိုးသမီးအဆို အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းတွင် ဆုရရှိသူများ၊ အခြေခံပညာ(၁၀-၁၅) နှင့် (၁၅-၂၀) အမျိုးသား အမျိုးသမီး အကဆုရရှိသူများ၊ အဆင့်မြင့်ပညာ အမျိုးသား အမျိုးသမီး အကဆုရရှိသူများ၊ အခြေခံပညာအမျိုးသမီး (၁၀-၁၅) ကဗျာလွတ်အက ဂုဏ်ပြုဆုရရှိသူများ၊ အခြေခံပညာ (၁၀-၁၅)နှင့် (၁၅-၂၀)စန္ဒရား၊ ပတ္တလား၊ ဒုံမင်း၊ နှဲ၊ ဆိုင်းဝိုင်းကြီးအဖွဲ့၊ အိုးစည်၊ ဒိုးပတ်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ဆုများချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် ရှမ်းပြည်နယ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ဆောင်ရွက်ပေးကြသော အကဲဖြတ်ဒိုင်များ၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာဦးစီးဌာန တို့အား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများက ပြန်လည်သီဆို ကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြုအဖွဲ့ထံသို့ ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံ ပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်နေမျိုးတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


