တောင်ကြီး စက်တင်ဘာ ၃၀

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် လွယ်တော်ကျေးရွာအုပ်စု နားဟစ်ကျေးရွာရှိ ထီလိတ်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား ဖူး​မြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

 

ချီးမြှင့်ငွေများပေးအပ်

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တောင်ကြီးမြို့နယ် ကျေးရွာအုပ်စု များရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကာ ကျေးရွာများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

 

ယင်းနောက် တောင်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ဦးစားပေးကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မိုင်းပျဉ်းကျေးရွာအုပ်စု ဆော်တောကျေးရွာအနီးရှိ ပျူဒင်္ဂါးကုမ္ပဏီလီမိတက်၏ ပြောင်းအခြောက်ခံ စက်ရုံကိုလည်းကောင်း၊ နန်းဟောင်းကျေးရွာအုပ်စု နန်းဟောင်းကျေးရွာရှိ နန်းဟောင်းရေကန်ကို လည်းကောင်း၊ နန်းဟူးကျေးရွာအုပ်စု ပလီလင်း ကျေးရွာရှိ တောင်ကြီး-စလဲ-လဲသက်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)