တောင်ကြီး စက်တင်ဘာ ၂၉

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက်ရှိ လွိုင်လုံပညာဗောဓိ ပရဟိတကျောင်းသို့ သွားရောက်၍ လွိုင်လုံပညာဗောဓိပရဟိတကျောင်း ဆရာတော် မဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တ သီရိဓမ္မာ ဘိပါလအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။

 

မှာကြား

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွိုင်လုံပညာဗောဓိ ပရဟိတကျောင်းရှိ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကိုလည်းကောင်း၊ စာသင်ဆောင်များအားလည်းကောင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကြီးမြို့တွင်းရပ်ကွက်များသို့ ရေဖြန့်ဝေ ပေးလျက်ရှိသည့် ရေထွက်ဦးရေကန် တာပေါင်မြှင့်တင်ခြင်းနှင့် လှိုင်းကာ ကျောက်နံရံစီခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်သည့် ရေကန်တာပေါင်နှင့် လှိုင်းကာ သံဆန်ခါ၊ ရေထွက်တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ သီတာလမ်းတိုးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရာက်ကြည့်ရှု စစ်ဆေးရာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လမ်းပေါ်တွင် ရေများတင်ကျန်မှုမရှိစေရန်နှင့် ရေနုတ်မြောင်းအတွင်းသို့ ရေများစီးဆင်းနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လမ်းများ ရေရှည်ခိုင်ခံ့ပြီး ကောင်းမွန်စွာအသုံးပြုနိုင်ရန်အတွက် သတ်မှတ် စံချိန်စံညွှန်း၊ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ပေးရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးကြရန် မှာကြားပြီး လမ်းနှင့် ရေနုတ်မြောင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်သာယာ(၃)တွင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရန်၊ ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ရာတွင် စိတ်ကြည်လင်လန်းဆန်းစေရန် ကန်အတွင်း သာယာလှပမှုများရှိရန်အတွက် ကန်နှင့်ကန်ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)