ရင့်ကျက်သောလောကအမြင်

မိမိ၏ အသက်ရှင်သန်ရပ်တည်မှုကို ထိပါးခြိမ်းခြောက်လာသော အရေးအရာများနှင့် ကိုယ်တွေ့ကြုံရသည့်အခါ လူတို့ တုန်လှုပ်လေ့ရှိကြ၊ အထိတ်တလန့် ဖြစ်လေ့ရှိကြသည်မှာ ဓမ္မတာ။ ရင့်ကျက်သူ တို့သည်ကား ထို့ထက်ပိုမိုကာ မိမိတို့၏ဘဝအမြင်၊ လောကအမြင်များကိုပါ စနစ်တကျ တွေးခေါ်မိကြ၏။ အလေးအနက် စူးစမ်းရှုမြင်ကာ သင်ခန်းစာယူကြ၏။ လောကသစ္စာကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေကြည့်ကြ၏။

ကိုဗစ်ကပ်ရောဂါ လူ့လောကထဲရောက်လာပြီး နိုင်ငံတကာအနှံ့ လှည့်လည်ကူးစက်ပျံ့နှံ့လာသည့်အခါ သာမန်တုပ်ကွေးမျှ သဘောထားနေကြရာမှ ကူးစက်သူဦးရေ သိန်းသန်းချီလာ၊ တိမ်းပါးဖိတ်စဉ်မှု များပြားလာသည့်အခါကျမှ အရေးတယူ ဖြစ်လာခဲ့ကြသည်။ အခြေအနေက စိုးရိမ်ဖွယ်ဖြစ်လာသည့်အခါ နိုင်ငံတိုင်းက အမျိုးသားရေးအနေဖြင့် သဘောထားကြကာ ရောဂါကာကွယ်ရေးနှင့် ပိုးပြန့်ပွားမှု ထိန်းချုပ်ရေးတို့ကို အားသွန်ခွန်စိုက် လုပ်ကြလေသည်။

ထိုသို့သော စိန်ခေါ်မှုများကြားတွင် သဘာဝဓမ္မတရားရှိ စေ့ငု ဆန်းစစ်စရာများ၊ သင်ခန်းစာယူစရာများ၊ တရားသံဝေဂ ရဖွယ်များကိုလည်း အများအပြား သတိပြုမိလာကြသည်။ ရုတ်တရက် ဝင်လာသည့် ကိုဗစ်ရောဂါက မိမိတို့နှင့် နီးစပ်ရာများထဲကရော၊ မိမိတို့ကြားနေ၊ သိနေကြသည့် နိုင်ငံတကာကရော မည်သူမဆို ဖြစ်နိုင်သည်ကိုလည်း သတိပြုမိကြသည်။ ကိုဗစ်ရောဂါ ဖြစ်ပွားစေသော ဗိုင်းရပ်စ်ပိုးက ကြွယ်ဝသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ သမ္မတ ဖြစ်စေ၊ ဝန်ကြီးချုပ်ဖြစ်စေ၊ ဗိုလ်ချုပ်ကြီးဖြစ်စေ၊ ကမ္ဘာကျော်ဖြစ်စေ၊ အနုညာတဖြစ်စေ၊ လူမျိုးမရွေး ဘာသာမရွေး လူတိုင်းထံသို့ ရောက်လာနိုင်သည့် ဗိုင်းရပ်စ်ပိုး ဖြစ်၏။ ဓနငွေကြေး မည်မျှပင် ချမ်းသာ ကြွယ်ဝနေသည်ဖြစ်စေ၊ ရောဂါနှင့် ကြုံရသည့်အခါ ဆွေမျိုးအရင်းများပင် အနားကပ်၍မရ။ တိမ်းပါးသွားသည့်အခါတွင်လည်း ဈာပနပင် အကျဉ်းရုံးစီစဉ်ရ၊ လူမစည်ကားရ။ ယခင်က အရေးကြီးလှချည့် ဟု တွေးထင်ခဲ့သမျှ တန်ဖိုးများ အားလုံးပြောင်းလဲသွားခဲ့။

ဟိုတယ်ကြီးများတွင် စားပွဲသောက်ပွဲကြီးများ ကျင်းပရန်၊ စားသောက်ဆိုင်ကြီးများတွင် တခမ်းတနား ကျင်းပရန်တို့ထက် ကျန်းမာရေး၊ လုံခြုံရေး အစစ စိတ်ချရသည့် အစားအသောက် အနေအထိုင်ဖြစ်ရေး တို့က ဦးစားပေးဖြစ်လာသည်။

လောဘဇော ကြီးမားလွန်းသူများ၊ သဘာဝဓမ္မကို သဘောမပေါက်နိုင်ကြသူများမှ လွဲလျှင် အားလုံးသည် ရုပ်ဝတ္ထုပစ္စည်းများ ပေါများကြွယ်ဝချမ်းသာမှု၏ ထင်သလောက်အရေးမပါမှုကို စဉ်းစားလာကြသည်။ ဘဝ၏ ဦးစားပေးများတွင် မိသားစုအရေး၊ လူလူချင်း ကြားမှာရှိသည့် မေတ္တာတရား၊ အနာဂတ်မျိုးဆက်များအတွက် ပူပန်မှုနှင့် ရေရှည်ဆောင်ရွက် ပြင်ဆင်စရာရှိသည်တို့ပေါ် ထားသည့် လေးနက်မှု စသည်စသည်တို့က ရှေ့တန်းရောက်လာသည်။ အမြော်အမြင်ကြီးသူတို့ကမူ သံသရာထိ ရှုမြင်သုံးသပ်လာကြပေသည်။

ယခု ကာကွယ်ဆေး စတင်ပေါ်ပေါက်ပြီး နိုင်ငံသားများ ထိုးနှံနိုင်ရန်အတွက် ဆေးဝယ်ယူရတော့မည်။ ထိုသို့ဝယ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေကို နိုင်ငံတော်က မတည်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် မြန်မာကျပ်ငွေ သန်းတစ်ထောင်ကို စတင်မတည် ထည့်သွင်းလိုက်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သော ကာကွယ်ဆေးဝယ်ယူနိုင်ဖို့ အများပြည်သူကလည်း ပါဝင်လှူဒါန်းနိုင်ပါရန် ဖိတ်ခေါ်လိုက်သည်။ ထိုဖိတ်ခေါ်မှုနှင့်အတူ ချက်ချင်းဆိုသလို ဒေါ်လာ ၁ ဒသမ ၅ သန်း လှူသူ၊ မြန်မာကျပ်ငွေ သန်း ၂၀ဝဝ လှူသူ၊ အမေရိကန်ဒေါ်လာ ၁ သန်းလှူသူ စသည်ဖြင့် ပေါ်ထွက်လာသည်ဟု သိရပါသည်။

အချို့သော လူနည်းစုကသာ သည်လိုကျပ်တည်း ခက်ခဲသည့် အခြေအနေကြားတွင် ငွေကြေး၊ အာဏာ၊ ထင်ပေါ်မှု၊ အခွင့်အလမ်း စသည်တို့ကို မြော်မြင်ကောင်း မြော်မြင်ကြမည် ဖြစ်သော်လည်း ရင့်ကျက်သူအများစုကမူ အတ္တအကျိုးစီးပွားထက် ပရဟိတကို ပိုမိုစဉ်းစားလာကြမည်သာ။ လူ့လောက လူ့ကမ္ဘာကို မေတ္တာတရား အကြင်နာတရား အခြေခံများဖြင့် ပိုမိုအလေးထား သုံးသပ်လာကြမည်သာ။ တစ်နည်းအားဖြင့်မူ ကိုယ်ကျိုးစီးပွားအပေါ် အာရုံထားမှု နှင့် လောဘစိတ်နည်းပါးကာ တစ်ကိုယ်ကောင်းတွေးကြံမှုများ လျော့ကျလာသည်ဟု မြင်ပါသည်။
အခက်အခဲ အကျပ်အတည်းများက လူတို့၏ အတွေးအမြင် အယူအဆတို့ကို ပြောင်းလဲရှုမြင်စေသည်။ အတ္တကို ပါးလျားစေသည်။ လူ့ဘဝ၏တန်ဖိုးများကို အမှန်အတိုင်းသိမြင်လာစေသည် ဆိုသည်တို့က ကပ်ရောဂါကပေးသော လောကဓမ္မအမြင်ဟု ဆိုရမည် ထင်ပါ၏။

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဝင်ရောက်ချိန်မှစကာ မြန်မာပြည်သူလူထုသည် ငွေ၊ ဆေးဝါး၊ ပညာ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း၊ အာဟာရ၊ အစားအသောက်၊ လူအား စသည်ဖြင့် တတ်နိုင်သည့်နေရာက တတ်နိုင်သလို တတ်နိုင်သလောက် လှူကြ၊ တန်းကြ၊ ပရဟိတကူညီကြ၊ လုပ်အားပေးကြ၊ ဝေဒနာသည်များကို အားပေးကြ၊ ဖျော်ဖြေပေးကြ စသည်ဖြင့် နိုင်ငံတစ်ဝန်း အင်တိုက်အားတိုက်ရှိကြခြင်းကား မြင့်မြတ်သော တန်ဖိုးများအဖြစ် သာဓုအနုမောဒနာ ခေါ်စရာဖြစ်ပါသတည်း။ ။