တစ်ခါက မြို့တစ်မြို့၌ အငြိမ်းစားကျောင်းဆရာ(ပထမလူ)နှင့် နည်းပညာကို အလွန်အမင်း လေ့လာလိုက်စားသော အာမခံကိုယ်စားလှယ်လုပ်ငန်းလုပ်ကိုင်သူ (ဒုတိယလူ)တို့ နှစ်ဦးသည် အိမ်ချင်းကပ်လျက် နေထိုင်ကြပါသတဲ့။ ၎င်းတို့ နှစ်ဦးက အမျိုးအစားမတူသည့် သစ်ပင်များကို ကိုယ်စီ စိုက်ပျိုးခဲ့ကြရာ ပထမလူသည် သူ့အပင်လေးအတွက် ရေလောင်းခြင်းနှင့် ပြုစုခြင်းတို့ကို လိုအပ်သလောက်သာ လုပ်ပေးလေ့ရှိသည်။ ဒုတိယလူမှာ သူ့အပင်ကို လိုအပ် သည်ထက် ပိုဂရုစိုက်ခြင်း၊ ရေပိုလောင်းခြင်းများ လုပ်ပေးလေ့ရှိပါသည်။ ထို့ကြောင့် ပထမလူ၏အပင်မှာ ရိုးစင်းပြီး ကြည့်ကောင်းသည့် အပင်လေးတစ်ပင်မျှသာ ဖြစ်နေခဲ့ကာ ဒုတိယလူရဲ့အပင်မှာ စိမ်းစိုတိုးထွက် ဝေစည်သည့်အပင် ဖြစ်နေပါတော့သည်။

တစ်ညတွင် မုန်တိုင်းအရှိန်ကြောင့် လေကြီး မိုးကြီး ကျ၍ ဒုတိယလူ၏အပင်မှာ အမြစ်မှကျွတ်ထွက်ကာ ပျက်စီးခဲ့ရပြီး ပထမလူ၏ အပင်မှာတော့ နဂိုအတိုင်း တည်ငြိမ်စွာ ရှင်သန်နေသည်ကို တွေ့ရသည့်အခါ ဒုတိယ လူက ပထမလူထံ “ငါကမင်းထက်ပိုပြီး ဂရုစိုက်ပြုစုယုယခဲ့ပါ လျက်နဲ့ ငါ့အပင်တွေ ဘာကြောင့် ပျက်စီးရတာလဲ”လို့ စိတ်မချမ်းမြေ့စွာ ညည်းတွားသည့်အခါ ပထမလူက တည်ငြိမ်စွာဖြင့် “မင်းက မင်းအပင်ကို လိုတာထက် ပိုပြီးပြုစုယုယခဲ့ သလို ရေကိုလည်း များများလောင်းတယ်။ ဒီတော့ အပင်က ကိုယ့်ခွန် ကိုယ့်အား စိုက်ထုတ်စရာမလိုဘဲ လွယ်ကူစွာ ရှင်သန်ခဲ့တယ်။ ငါကတော့ ငါ့အပင်ကို လိုအပ်သလောက်သာ ပံ့ပိုးခဲ့တော့ အပင်ကသူ့ဘာသူ ရှင်သန်နိုင်ရေး ရေဓာတ် လုံလောက်စွာရဖို့အရေး သူ့အမြစ်က မြေအောက်ကို ဆင်းနိုင်သမျှဆင်းခဲ့ရလို့ ငါ့အပင်ဟာ မင်းရဲ့အပင်ထက် ပိုသန်မာ ကြံ့ခိုင်လာတယ်။ ဒါကြောင့် လေကြီး မိုးကြီးနှင့် ကြုံခဲ့ပေမယ့် အခုလို တည်ငြိမ်စွာ ဆက်လက်ရှင်သန် နိုင်ခဲ့တာ”လို့ ရှင်းပြပါတော့သည်။

ထိုပုံပြင်ရဲ့အနှစ်သာရမှာ မိဘများက မိမိတို့၏ ရင်သွေးသားသမီးတွေကို ပြုစုစောင့်ရှောက် ပျိုးထောင်တဲ့ အခါ အထက်ပါ အငြိမ်းစားကျောင်းဆရာက သူ့၏အပင် လေးကို ပြုစုခဲ့သည့်ပုံစံကို နမူနာယူရမှာဖြစ်ပြီး ဒုတိယ လူကဲ့သို့ လိုအပ်သည်ထက် ပြုစုယုယလျှင်၊ အစစအရာရာ မိဘကချည်းလုပ်ပေး ဖြည့်ဆည်းပေးလျှင် ခက်ခဲပင်ပန်း ဆင်းရဲမှုဒဏ်ကို ခံနိုင်ရည်မရှိ၊ မိမိကိုယ်တိုင် ကြိုးစား အလုပ်လုပ်ရခြင်း၏ တန်ဖိုးကိုလည်းမသိနိုင်၊ ၎င်းတို့၏ ကိုယ်စွမ်းကိုယ်စဖြင့် ရှင်သန်ရပ်တည်နိုင်ရေး မည်သို့မည်ပုံ ကြံဆောင်အားထုတ်ရမည်ဆိုသည်ကို မသိနိုင်တော့ချေ။ မိမိတို့နိုင်ငံ၏ ဓလေ့ထုံးစံအရ မိဘအများစုသည် ရင်သွေးများကို ရင်အုပ်မကွာ စောင့်ရှောက်ထားလိုကြ ပြီး အချို့ချို့သော သားသမီးများကလည်း မိဘများထံမှ ကူညီထောက်ပံ့မှုကို ငံ့လင့်လျက်ရှိကြပါသည်။

ထို့ကြောင့် အထက်ပါပုံပြင်က ပေးချင်သည့် အနှစ်သာရအတိုင်း မိဘများဘက်ကလည်း လိုအပ်သလောက်သာ ပံ့ပိုး၊ သားသမီးများဘက်ကလည်း မိဘကိုချည်း အားကိုးမနေဘဲ ကိုယ့်ခွန်ကိုယ့်အားဖြင့် ရပ်တည်နိုင်အောင် ကြိုးစားကြမှသာလျှင် လောကဓံ၏အလယ်တွင် ရေရှည် တင့်တယ်စွာ ရပ်တည်သွားနိုင်မည်သာ ဖြစ်ပါသည်။

မိဘများအနေဖြင့်လည်း မိမိ၏ သားသမီးများအပေါ် ချစ်ရာမှ နစ်ရာမရောက်စေရန် နည်းမှန်လမ်းမှန်ဖြင့် ပြုစုထိန်းသိမ်းစောင့်ရှောက်ရန် မိမိရင်သွေး၏ အသက်အရွယ် အပိုင်းအခြားကိုလိုက်၍ လိုအပ်သလောက်သာ ဖြည့်ဆည်းပေးသင့်ပါသည်။ တစ်နည်းအားဖြင့် သူတို့သွားနေသည့် လမ်းကြောင်းကို လိုအပ်သလို တည့်မတ်ထိန်းကျောင်း လမ်းညွှန်ပြသပေးရန်သာ ဖြစ်ပါသည်။ သို့မှသာ မိမိမွေးမြူထားသည့် ရင်သွေးလေးများသည် ပထမလူ၏ သစ်ပင်ကဲ့သို့ လောကအလယ်တွင် တည်ငြိမ်စွာဖြင့် ရှင်သန်နေထိုင်သွား နိုင်မည်ဖြစ်သကဲ့သို့ လောကဓံ၏ ရိုက်ပုတ်မှုနှင့် အခက် အခဲများ ကြုံရပါကလည်း တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင် သွားနိုင်ပါလိမ့်မည်ဟု အကြံပြုရင် မျှဝေလိုက်ရပါသည်။

ပြောင်ကြီး (ဂန့်ဂေါ)

မှီငြမ်း- “(IELTS/TOFEL & Advance English Instructor Facebook Page၊ “When your plants are like your children”