ရန်ကုန် အောက်တိုဘာ ၆

 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရန် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားခြင်းကို ရန်ကင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူစာရင်း (နည်းဥပဒေ-၄) တွင် ပါဝင်သည့် မဲဆန္ဒရှင်ပြည်သူများသိရှိစေရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက်မှစတင်၍ ကြေညာလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မဲဆန္ဒရှင်အမည်စာရင်းများ ကြေညာကပ်ထားခြင်းကို ပြည်သူများအနေဖြင့် မိမိတို့အမည်စာရင်းများကို ကြည့်ရှုနိုင်ပြီး မပါဝင်ပါက ပုံစံ(၃) ဖြင့်လည်းကောင်း၊ အချက်အလက်မပြည့်စုံပါက ကန့်ကွက်လိုလျှင် ပုံစံ(၄) ဖြင့်လည်းကောင်း တင်ပြဆောင်ရွက်နိုင်ကြောင်း ပြည်သူများ မသိသူမရှိစေရန် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လှည့်လည်၍ နှိုးဆော်ပေးလျက်ရှိသည်။

 

ယင်းမဲစာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ကြေညာသွားမည်ဖြစ်ပြီး ရန်ကင်းမြို့နယ်တွင် မဲရုံ ၃၀၊ မဲဆန္ဒရှင် ၃၉၅၁၄ ဦးရှိပြီး နောက်ဆုံးအကြိမ် မဲဆန္ဒရှင် ပြည်သူများစာရင်းကို နိုဝင်ဘာလတွင် ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 

လှလှထွေး