ရန်ကုန် ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား အောင်မြင်စွာ ကျင်းပနိုင်ရေး ခရိုင်/ မြို့နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကင်းမြို့နယ် အမှတ်( ၁၄) ရပ်ကွက် သာသနာ့ဗိမာန်၌ ကျင်းပသည်။
အစည်းအဝေးတွင် သင်္ဃန်းကျွန်းခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက် က အမှာစကား ပြောကြားသည်။
ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သက်တင်အောင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လုံခြုံရေး တစ်စုံတစ်ရာချိုးဖောက်မှု မရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ပူးပေါင်း ကြပ်မတ် ဆောင်ရွက်ကြရမည့် အခြေအနေများ၊ သင်္ဃန်းကျွန်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအတွင်းရေးမှူး ယာယီ ဒုတိယရဲမှူးကြီး တင်နိုင်မိုးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရိုင်လဝကမှူး ဦးကျော်မင်းက ပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် သင်္ဃန်းကျွန်းခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က ရန်ကင်းမြို့နယ်၏ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားမှုများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)


