ရန်ကုန် ၃၀ မတ်
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ရန်ကုန်စာအုပ်လမ်းမှ စာအုပ်ဆိုင်များ၏ ပွင့်လမ်းရာသီ ဖွင့်လှစ်ရောင်းချပြီးနောက် မိုးရာသီတွင် ခေတ္တရပ်နားမည်ဖြစ်၍ စာအုပ်ရောင်းရာသီ ခေတ္တပိတ်ပွဲနှင့်အတူ တနဂငေ်္နွနေ့တွင် စာအုပ်မိတ်ဆက်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေပဟေဠိအစီအစဉ်များ စီစဉ်ထားကြောင်း သိရသည်။
ရန်ကုန်စာအုပ်လမ်း၌ တနင်္ဂနွေနေ့၊ နံနက် ၁၀နာရီခွဲတွင် အကယ်ဒမီ မြင့်ဦးဦးမြင့်၏ ''ကြိုးကြာတောင်ပံခတ်သံ'' ဇာတ်ညွှန်းစာအုပ် မိတ်ဆက်ပွဲ၊ မွန်းလွဲ ၁ နာရီတွင် ဆရာမောင်ကြည်သစ် ၏ "Novelist is Philosopher " ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲနှင့် မွန်းလွဲ ၃ နာရီတွင် ကံ့ကော်ဝတ်ရည် စာအုပ်တိုက်မှ စီစဉ်၍ အလှမယ် ဂုဏ်ရည်အေးကျော်က "မေးကြည့်ဖြေကြည့် စာအုပ်ပဟေဠိ" အစီအစဉ်တို့ကို ပြုလုပ်သွားမည်ဖြစ်၍ စာပေချစ်မြတ်နိုးသူအပေါင်း ပါဝင်နိုင်ကြောင်း မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းမှ သိရသည်။
ယခုနှစ် မတ်လကုန်မှစ၍ မိုးရာသီခေတ္တရပ်နားမည်ဖြစ်ရာ ရန်ကုန်စာအုပ်လမ်း၏ ယခုနှစ် စာအုပ်ရောင်းရာသီ နောက်ဆုံးရက်သတ္တပတ်၏ အခွင့်အရေးများ လက်မလွတ် မိစေရန် စာပေချစ်သူများအား လာရောက်စေလိုကြောင်းနှင့် လာမည့်နှစ် ပွင့်လမ်းရာသီတွင် ပြန်လည်ဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း စာအုပ်လမ်းမှ သိရသည်။
ရက်သတ္တပတ် (၉) ပတ်၏ စနေနှင့် တနဂငေ်္နွနေ့များတွင် ဖွင့်လှစ်ရောင်းချခဲ့ပြီး စာအုပ်တိုက်များမှ စာဖတ်စွမ်းရည် မြှင့်တင်ရေးအနေဖြင့် စာပေပဟေဠိ အမေးအဖြေပွဲများကို ပြုလုပ်ပေးကာ အဖြေမှန်သူများကို တန်ဖိုးကြီးစာအုပ် လက်ဆောင်အဖြစ် ချီးမြှင့်လျက်ရှိသည်။
စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ပံ့ပိုးမှုဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ပေးနိုင်ရန် ရန်ကုန်မြို့ သိမ်ဖြူလမ်း (ဝန်ကြီးများရုံးဘလောက်) တွင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ဖိုးသန့်


