ရန်ကုန်စည်ပင် ရွေးကောက်ပွဲကြီး နီးလာပြီ

တင်ဝင်းလေး (ကြည့်မြင်တိုင်)

NLD အစိုးရတက်လာပြီးနောက် ရှေ့သမ္မတသက်တမ်းနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည်လည်း ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်သည်။ ရန်ကုန်မြို့တော်သူ မြို့တော်သားတို့ အဓိကမျှော်လင့်ထားသည်က အများက တင်မြှောက်ခွင့်ရသော ကိုယ်စားလှယ်စည်ပင် လူကြီးများပင် ဖြစ်သည်။ သို့သော် အစိုးရခန့်ဟုခေါ်သည့် မြို့တော်ဝန်အပါအဝင် စည်ပင်သာယာရေး ကော်မတီဝင် ငါးဦးကို မဖြစ်မနေဆောလျင်စွာ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ရန်ကုန်မြို့၏ စည်ပင်နှင့်ဆိုင်ရာကိစ္စအဝ၀ကို ဆောင်ရွက်စေခဲ့သည်။

မေးမြန်းမှုများ ပေါ်ထွက်လာ

စည်ပင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အချိန်များကြာလာသည်နှင့်အမျှ မြို့တော်သူ မြို့တော်သားများက အစိုးရအပေါ် သို့လော.... သို့လော အတွေးများနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုများ ပေါ်ထွက်လာခဲ့သည်။ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်စည်ပင်ဥပဒေသစ် ရေးဆွဲနေသောကြောင့် ရွေးကောက်ပွဲကျင်းပရန် နောက်ကျရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်တွင် ရှင်းလင်းပြောကြားမှုရှိခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အောင်ပွဲရအရပ်သား အစိုးရတက်လာပြီးနောက် မြို့၏ စည်ပင်ကော်မတီဝင်များအားလုံးမှာ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်းချုပ်ငြိမ်းသွားခဲ့ရသည်။ ယနေ့ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည် ဖြစ်သည့်အတွက် ရွေးချယ်ခံ စည်ပင်ကိုယ်စားလှယ် များ ပေါ်ထွက်လာတော့မည် ဖြစ်သည်။

လိုအပ်သော အတိုင်းအတာဆောင်ရွက်ပေးနိုင်မလား

တက်လာမည့် ရွေးချယ်ခံစည်ပင်ကိုယ်စားလှယ်များသည် ၂၀၁၈ ခုနှစ် စည်ပင်သာယာရေးဥပဒေအရ အစိုးရသက်တမ်း နှင့်အညီဟု ဆိုသည့်အတွက် နှစ်နှစ်ခံ ကိုယ်စားလှယ်များသာ ဖြစ်ပေသည်။ သို့အတွက် တိုတောင်းသည့် သက်တမ်းအပေါ် အရွေးချယ်ခံ ကိုယ်စားလှယ်များအနေဖြင့် မြို့တော်သူ မြို့တော်သားများအတွက် လိုအပ်သောအတိုင်းအတာတစ်ခုရောက်အောင် ဆောင်ရွက် ပေးနိုင်ပါ့မည်လားဟုအတွေးများ ရှိနေခဲ့ကြသည်။

အသစ်ပြန်လည်ရေးဆွဲလိုက်သော ရန်ကုန်စည်ပင်သာယာရေးဥပဒေ ၂၀၁၈ ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ၂၀၁၈ ခုနှစ် ဇွန် ၂၇ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့ပြီး မြို့နယ်အလိုက် ရှင်းလင်းဟောပြောပွဲများ ပြုလုပ်၍ အောက်တိုဘာ ၁ ရက်တွင် သက်ဝင်စေခဲ့သည်။

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရှိလာမည်

၂၀၁၄ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်က မဲပေးခဲ့ရသည့် ပုံစံမျိုးမဟုတ်ပေ။ ထိုစဉ်က တစ်အိမ်ထောင်လျှင် အသက် ၁၈ နှစ်ပြည့် ပြီးသူတစ်ဦးသာလျှင် မဲပေးခွင့်ရခဲ့သည်။ ယခု ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရှိလာမည် ဖြစ်သည်။ ယခု ပင်လျှင် အိမ်ထောင်စုအလိုက် မဲစာရင်းများ ပြုစုနေကြပြီဖြစ်သည်။ ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင်လည်း ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲကဲ့သို့ပင် တပ်ဖွဲ့များတွင် နေထိုင် သူများ၊ တပ်မြို့စည်ပင်သာယာရေးအဝန်းအဝိုင်းတွင် နေထိုင်သူများ မဲပေးရာတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။

အာမခံငွေ မြို့တော်ဘဏ်တွင် ကြိုတင်ပေးသွင်းထားရမည်

ရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများအနေဖြင့် အသက် ၂၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ကိုယ်စားပြု ယှဉ်ပြိုင်မည့်နေရာတွင်သုံးနှစ် တစ်ဆက်တည်း နေထိုင်သူဖြစ်ရမည်။ အာမခံငွေကြေးအနေဖြင့် မြို့တော်ကော်မတီဝင်တစ်ဦးအတွက် အာမခံငွေကျပ် ငါးသိန်း၊ မြို့နယ် ကော်မတီဝင်တစ်ဦးအတွက် ငွေကျပ်နှစ်သိန်းစီကို မြို့တော်ဘဏ်တွင် ကြိုတင်ပေးသွင်းထားရမည် ဖြစ်သည်။ စည်ပင်သာယာနယ်နိမိတ်အတွင်း ၃၃ မြို့နယ်ရှိရာ တစ်မြို့နယ် လျှင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ တစ်ဦးစီနှင့် မြို့နယ်ကော်မတီဝင် နှစ်ဦးစီ ရွေးချယ်ပေးရမည်ဖြစ် သည်။ သို့အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ၉၉ ဦး ရှိလာမည်ဖြစ်သည်။ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ခြောက်ဦးကိုမူ ၃၃ မြို့နယ်မှ လူဦးရေဖြင့် မျှ၍ မြို့နယ်စုခြောက်ခု၊ မဲဆန္ဒနယ် ခြောက်နယ်အဖြစ် သတ်မှတ်၍ တစ်ဦးစီရွေးချယ် သွားမည်ဖြစ်သည်။ထို့ကြောင့် စည်ပင်ရွေးကောက်ပွဲမှ ပြည်သူ ကိုယ်စားလှယ် ၁၀၅ ဦး ပေါ်ထွက်လာမည်ဖြစ်သည်။

ထိုရွေးချယ်ခံ ခြောက်ဦးထဲမှ တစ်ဦးကိုမူ ဒုတိယမြို့တော် ဝန်အဖြစ် မူလအစိုးရခန့် ကော်မတီ ငါးဦးနှင့် တက်လာမည့် ကော်မတီဝင် ခြောက်ဦး စုစုပေါင်း ၁၁ ဦးတို့က လျှို့ဝှက်မဲစနစ် ဖြင့် ရွေးချယ်ပေးရမည်ဖြစ်သည်။ သို့အတွက် ငယ်ရွယ်သော၊ တက်ကြွသော အသက် ၂၅ နှစ်အရွယ်ထဲမှလည်း ဒုတိယ မြို့တော်ဝန် ဖြစ်လာနိုင်စရာ အခွင့်အရေးတစ်ရပ်ရှိလာနိုင်မည် ဖြစ်သည်။

ရန်ကုန်မြို့ ကြီးတွင် နေထိုင်သူ ဦးရေမှာ ခုနစ်သန်းနီးပါး ရှိသည်။ နေ့စဉ် စည်ပင်ကိစ္စနှင့် ကြုံတွေ့နေကြရသောသူများသာ ဖြစ်သည်။ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောအား ဖြင့်သော်လည်းကောင်း စည်ပင်နှင့် မလွတ်ကင်းကြပေ။

အမှိုက်ခွန်ကအစ ရေခွန်၊ မြေခွန်၊ မျိုးစုံသော အခွန်များကို ဆောင်ရွက်နေကြသူများဖြစ်သည်။ ကော်မတီအနေဖြင့်လည်း ထိုထိုသော အခွန်များရရှိမှသာလျှင် မြို့တော်သူ မြို့တော်သားတို့ သန့်ရှင်းအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပြန်လည် ဆောင်ရွက်နိုင်မည်သာဖြစ်သည်။

ယနေ့ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲကြီးကိုလည်း မြို့တော်သူ မြို့တော်သားများက ပေးဆောင်ထားသည့် အခွန်ငွေ ထဲမှ စိုက်ထုတ်ကျင်းပရခြင်းသာ ဖြစ်သည်။ ကုန်ကျစရိတ် ငွေကျပ် ၂ ဘီလီယံဟု ခန့်မှန်းထားကြောင်း သိရသည်။

သို့... ဆိုရသော် မြို့နယ်အဆင့်နှင့် မြို့တော်ကော်မတီဝင် စုစုပေါင်း ၁၀၅ ဦးရှိမည်ဖြစ်ရာ အချိုးကျတွက်ကြည့်မည်ဆိုပါက ကော်မတီဝင်တစ်ဦးအတွက် ငွေကျပ် သိန်း ၁၉၀ ကျော် အကုန် အကျခံရွေးချယ်ပေးခြင်းဟု ဆိုရမည်ဖြစ်ပေသည်။

ငွေကြေးကုန်ကျမှုအပေါ်တွင် ချင့်ချိန်၍ ရွေးချယ်ခံ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် သက်တမ်းနှစ်နှစ်အတွင်း အများ အတွက် ဆောင်ရွက်ပေးနိုင်မှုမှာ ညီမျှနိုင်ပါ၏လောဟု မြို့တော်သူ မြို့တော်သားများက သင်္ချာနည်းအရ အဖြေရှာ နေကြသည်။

သမ္မတဦးသိန်းစိန်လက်ထက် စည်ပင်ရွေးချယ်ခံ ကော်မတီဝင်(၇) ဦးခင်လှိုင်(ဇောတိက)က ရန်ကုန်မြို့မှာ စည်ပင်သာယာရေးကော်မတီက အသက်ပဲ၊ အရွေးခံခြောက်ဦးထဲမှ တော်တဲ့လူ ထက်မြက်တဲ့လူ၊ တစ်ယောက်မဟုတ်နှစ်ယောက် လောက်ပါရင် အားကောင်းသွားမယ် အိုကေပေါ့။ အဲဒီလိုလူမျိုး တွေကိုသာ မြို့တော်သူ မြို့တော်သားတွေက စနစ်တကျနဲ့သေချာ ရွေးပေးနိုင်ရင်တော့ ရန်ကုန်မြို့ကြီးကို တစ်နှစ်ခွဲ နှစ်နှစ်နဲ့ မပြောနဲ့ ခြောက်လနဲ့တောင် ပြောင်းလို့ရတယ်”ဟု ဆိုထားဖူးသည်။

အလုံမြို့နယ်အတွင်းမှ ဦးတင်မောင်ဦးက “ကာလအတို အရှည်က အဓိကမကျပါဘူး။ ပြည်သူ့အသံကို နားထောင်ပြီး ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ဖြစ်ဖို့ အရေးကြီးပါတယ်။ စည်းရုံးရေးကာလတုန်းက အပြောတွေနဲ့ တကယ်ဖြစ်လာတဲ့ အချိန်မှာ အပြောနဲ့အလုပ် တစ်ထပ်တည်းကျဖို့ လိုပါတယ်။ ဒါကလည်း ကြုံခဲ့ရတဲ့ အတွေ့အကြုံအရ ပြောတာပါ” ဟု ဆိုထားသည်။ မည်သို့ပင်ဆိုကြစေကာမူ မြို့တော်သူ မြို့တော်သားတို့၏ ဆန္ဒနှင့်အညီ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကြီး မကြာမီ ကျင်းပတော့မည်ဖြစ်သည်။ ငွေကြေးကုန်ကျမှုနှင့်အညီ ထိုက်တန်သော ကိုယ်စားလှယ်များ၊ မြို့တော်သူ မြို့တော်သားများ၏ အကျိုးကို အဂတိကင်းရှင်းစွာ၊ အတ္တကင်းစွာ၊ မာန်မာနတရား ကင်းစွာဖြင့် ပရဟိတစိတ်ဖြင့် စွမ်းဆောင်နိုင်ကြသော ကိုယ်စားလှယ်များကို မှန်ကန်စွာ ရွေးချယ်နိုင်ကြစေရန် ဆန္ဒပြုရေးသားလိုက်ရပါသည်။

မြန်မာ့အလင်း