နေပြည်တော် ၃၀  မတ်

ရန်ကုန်မြစ်ဝမှ ရေမိုင် (၂၀) ခန့်ကွာဝေးသည့် ကမ်းလွန်ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ (Offshore Fixed Pilot Station) ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ဆူးလေရှမ်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က စီးပွားရေးပြုပြင်ပြောင်းလဲမှု ဖော်ဆောင်နေသည့် နိုင်ငံတိုင်းတွင် အခြေခံအဆောက်အအုံ လိုအပ်ချက်များရှိကြောင်း၊ အဆိုပါ အခြေခံအဆောက် အအုံများအနက် လမ်း/ တံတားများနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများတွင် အမာထည် အဆောက်အအုံများ ပိုမိုကောင်းမွန်အောင် တည်ဆောက် အကောင်အထည် ဖော်ပေးရန်လိုအပ်ကြောင်း၊ ယခုတည်ဆောက်ပြီးစီးသည့် ရေကြောင်းပြ အဆောက်အအုံသည်လည်း နိုင်ငံတော်အဆင့် အမာထည်အခြေခံ အဆောက်အအုံများတွင် ပါဝင်ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြ အဆောက်အအုံကို နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်း အရည်အသွေး ပြည့်ပြည့်ဝဝဖြင့် ပြီးမြောက်အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်အနေဖြင့် ဂုဏ်ယူပါကြောင်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် China Harbour Engineering Co., Ltd. တို့အားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

mdn

 

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က ရန်ကုန်ရေကြောင်းပြ အဆောက်အအုံစီမံကိန်းသည် မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား တစ်ဇုန်တစ်လမ်း ပူးပေါင်းဆောင်ရွက်မှု၏ စံပြ လုပ်ဆောင်မှု တစ်ခုလည်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံပြည်သူတို့ အတူဝီရိယနှင့် ကြိုးစားအားထုတ်မှု ဖြစ်ကြောင်း ချီးမွမ်း‌ပြောကြားသည်။ တစ်ချိန်တည်းမှာပင် သံအမတ်ကြီးက ပိုမိုများပြားလာသော တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာတရုတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တည်ဆောက်ပြီးစီးခဲ့သည့် Yangon Offshore Fixed Pilot Station အဆောက်အအုံနှင့်ပတ်သက်ပြီး ဒီဇိုင်းရေးဆွဲ တည်ဆောက်ရာတွင် အသုံးပြုခဲ့သည့် BIM (Building Information Modeling) စနစ်ကို 3D ပုံစံများဖြင့် ရှင်းလင်းပြသသည်။

ထို့နောက် ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဌာနဖြစ်သော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် စီမံကိန်းကိုတာဝန်ယူ တည်ဆောက်ပေးခဲ့သည့် China Harbour Engineering Co., Ltd. မှ Vice-President, Mr. Pan Qingjiang က အမှာစကား ပြောကြားသည်။

 

mdn

 

မြန်မာနိုင်ငံရေကြောင်းကဏ္ဍတွင် သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှု တစ်ခုဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင် အခြေစိုက်ရေကြောင်းပြ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှစတင်ကာ နိုင်ငံတကာတင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့ပြီး တင်ဒါအောင်မြင်သည့် China Harbour Engineering Co., Ltd. မှ ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ယနေ့တွင် စီမံကိန်းအား မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်သို့ အောင်မြင်စွာလွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီဖြစ်သည်။

အဆိုပါ ကမ်းလွန်ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) တည်ဆောက်ရေး စီမံကိန်းတွင် အလျား ၃၃ ဒသမ ၂ မီတာနှင့် အနံ ၃၀ ဒသမ ၄ မီတာ အရွယ်အစားရှိ သံကူကွန်ကရစ် သုံးထပ်အဆောက်အအုံတစ်ခု၊ ရေယာဉ်အရွယ်အစား GRT ၁၅၀ဝ အထိ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း၊ မီးစက်၊ ရေသန့်စင်စက်၊ ရေဆိုးသန့်စင်စက်၊ ရေကြောင်းဆက်သွယ်ရေးဆိုင်ရာ ကိရိယာများ၊ ရေဒါနှင့် Pilot Boat (၃) စင်းတို့ ပါဝင်ပြီး စီမံကိန်းတန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၀ ဒသမ  ၉ သန်းဖြစ်ကြောင်း သိရသည်။

 

mdn

 

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်ဆိုက်ကပ်လျက်ရှိသော ပင်လယ်ကူး သင်္ဘောများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြလုပ်ငန်းများကို နေ့စဉ်ဝန်ဆောင်မှုပေး ဆောင်ရွက်ပေးလျက်ရှိရာ ယခင်က ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် အကွာအဝေး ပင်လယ်ပြင်တွင် ရေကြောင်းပြသင်္ဘောတစ်စင်းကို အသုံးပြု ဆောင်ရွက်ခဲ့ရသော်လည်း ယခုမှစတင်ပြီး ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြ အဆောက်အအုံကို အသုံးပြုကာ ဆောင်ရွက်ပေးနိုင်ပြီဖြစ်သဖြင့် ရေကြောင်းပြမှူးကြီးများအနေဖြင့် ယခင်ကထက်ပိုမိုပြီး လုံခြုံစိတ်ချ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးနိုင်ကြပြီဖြစ်သည့်အပြင် နိုင်ငံတော်အနေဖြင့်လည်း ရေကြောင်းကဏ္ဍတွင် ယခုကဲ့သို့ ခေတ်မီကောင်းမွန်သော ရေကြောင်းပြအဆောက်အအုံ တည်ဆောက်ပေးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူနိုင်မည်ဖြစ်သည်။

(သတင်းစဉ်)