ရန်ကုန် ဩဂုတ် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကကြီးမှူးကျင်းပသော၂၀၂၅ ခုနှစ်အပြည်ပြည်ဆိုင် လူငယ်များနေ့ အထိမ်းအမှတ် “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့" အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် လူငယ်အသိပညာပေး ဟောပြောခြင်းနှင့် လူငယ်စကားဝိုင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဗီဒီယိုကိုပြသပြီး ဟောပြောခဲ့သူများနှင့် ပါဝင်ဆွေးနွေးခဲ့ကြသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က “၂၀၃၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှု အစီအစဉ် အဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်(၁၇) ခုပါ “လူငယ်များပါဝင်သည့် တိုးတက်ခိုင်မာ အားကောင်းသော လူမှုအသိုက်အဝန်းဖော်ဆောင်ရေး၊ “ပညာပြည့်ဝကျန်းမာမှ လူငယ်ဘဝလှပမည်"၊“စက်မှု၊ စီးပွား၊ နည်းပညာနှင့် လူငယ်များ၏ အနာဂတ်၊ “တရားမျှတသော အခွင့်အလမ်းများဖြင့် တည်တံ့သောငြိမ်းချမ်းရေး တည်ဆောက်မည့် တို့လူငယ်နှင့် “သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော မြို့ပြနှင့်ကျေးလက်လူငယ်များ၏ လူမှုအသိုက်အဝန်း" ခေါင်းစဉ်များအား အုပ်စုများခွဲ၍ ဆွေးနွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနားကို ဗဟန်းမြို့နယ် ကန်တော်ကြီးသဘာဝရေကန်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအဆင့် ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ(၁)ခွဲ အင်အား ၁၁၆ ဦး၊ တိုင်းဒေသကြီး အထူးရှာဖွေကယ်ဆယ်ရေး (Light Team)အဖွဲ့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက စက်စွမ်းအား ပြည့်မောင်းနှင်ခြင်း၊ Fire Boat ဖြင့် ရေပြင်မီးငြှိမ်း သတ်ရေးသရုပ်ပြသခြင်း၊ Intelligent Lifebouy ဖြင့် ရေနစ်သူများအား ကယ်ဆယ်ခြင်း၊ Dive Suit ဖြင့် ရေငုပ်၍ ကယ်ဆယ်သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)