ရန်ကုန် စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ကျင်းပနိုင်ရန် မုခ်ဦးဆိုင်းဘုတ်၊ ဂီတဖျော်ဖြေပွဲစင်မြင့်နှင့် မီးအလှဆင်နေမှုများကို လှည့်လည်ကြည့်ရှုပြီး ပွဲတော်လာပရိသတ်များအတွက် သန့်စင်ခန်းများ၊ မီးဘေးလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များ ထားရှိရန်နှင့် လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် ဒေသထွက်အစားအစာ အရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၃၅၉ ခန်းခင်းကျင်း ရောင်းချမည်ဖြစ်သည့်အပြင် ပွဲတော်ရက်များအတွင်း အလှူရှင်များက စတုဒိသာ နေ့စဉ်ကျွေးမွေးပြီး ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
ထို့ပြင် ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို၊ အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိကာ အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


