ရန်ကုန်   ၂၀   ဖေဖော်ဝါရီ

 

ရန်ကုန်မြို့၊ လသာမြို့နယ်၊ အမှတ်() ရပ်ကွက်၊ လမ်းမတော်လမ်းရှိ သံဈေးတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဈေးဆိုင်ခန်း ၄၂ ခန်း မီးလောင်ဆုံးရှုံးခဲ့ကာ ဈေးအဆောက်အဦ လူနေတိုက်ခန်းများမှ ပိတ်မိနေသူများကို သက်ဆိုင်ရာက ဘေးအန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်။

 

fire1

 

ယနေ့နံနက် နာရီခန့်တွင် အဆိုပါဈေး၏ ဒုတိယ ထပ်မှစတင်၍ မီးလောင်မှုဖြစ်ပွားရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးစီး၍ သန်ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိအသင်းအဖွဲ့များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တာဝန်ရှိသူများက မီးငြှိမ်းသတ်ယာဉ်၊ အထောက်အကူပြုယာဉ်၊ ကရိန်းယာဉ်၊ မီးခိုးမှုတ်စက်ယာဉ်၊ ရေသယ်ယာဉ်များဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ကြရာ နံနက် နာရီခွဲတွင် မီးထိန်းနိုင်ခဲ့ပြီး နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားသည်။

 

အဆိုပါ ဖြစ်ပွားမှုကြောင့် မီးလောင်မှုဖြစ်သည့် ဒုတိယထပ်တွင် စားသောက်ကုန်၊ မီးဖိုချောင်သုံးနှင့် အိပ်ခန်းသုံးပစ္စည်းများ ရောင်းချသည့် ငါးပေပတ်လည်ခန့်ရှိ ဆိုင်ခန်း ၂၃၂ ခန်းရှိသည့်အနက် ဆိုင်ခန်း ၄၂ ခန်းမီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ၁၈ ခန်း မီးဟပ်ခံခဲ့ရသည့် အပြင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ခြောက်ဦးမှာ မီးခိုးမွှန်ခြင်းနှင့် ထိခိုက်ပွန်းပဲ့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ပို့ဆောင်ကုသခဲ့ရကြောင်းသိရသည်။

 

fire2

 

ရန်ကုန်အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး  လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်း က `` အရေးပေါ်လှေကားတော့ရှိတယ်။ ပိတ်ထားတဲ့အတွက် ဆင်းလို့မရတော့ ကိုယ့်အခန်းကိုယ် ပြန်နေကြတယ်။ မီးခိုးများတဲ့အတွက် အပေါ်ထပ်တွေမှာ ပိတ်မိနေသူတွေကို လှေကားကနေ ဆင်းခိုင်းတာလည်းရှိတယ်။ လှေကားတင်ယာဉ် (ကရိန်းယာဉ်)တွေနဲ့ ကယ်ထုတ် ရတာလည်းရှိပါတယ်။ ကယ်တဲ့အချိန်မှာလည်း မီးခိုးများနေလို့  မီးသတ်ပိုက်နဲ့ မီးခိုးမထွက်အောင် ဖြန်းပြီးမှ ကယ်ခဲ့ရတယ်။ အသက်ကြီးပိုင်းတွေလည်းပါတယ်။ အားလုံးကို ဘေးအန္တရာယ်ကင်းစွာနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးနဲ့ ငြှိမ်းသတ်ရေးကို တစ်ပြိုင်တည်းလုပ်ခဲ့တာပါ´´ ဟုပြောသည်။

 

အဆိုပါဈေး အဆောက်အဦသည် ၁၁ ထပ်အမြင့်ရှိပြီး ခြောက်လွှာမှ ၁၁ လွှာအထိမှာ လူနေတိုက်ခန်းများဖြစ်သည့်အတွက် မီးလောင်မှုဖြစ်ပွားစဉ်တွင် လူနေတိုက်ခန်းများမှ ပိတ်မိနေသူ ၈၅ ဦး ကိုကယ်ထုတ်ခဲ့ရခြင်းဖြစ်သည်။

 

fire3

 

အဆိုပါ အဆောက်အဦ၏ ၁၀ လွှာတွင် နေထိုင်သူ ကိုမော်စီ က``အောက်ထပ်မှာ မီးလောင်နေတယ်ကြားလို့ ဆင်းကြည့်တာ လှေကားကနေ မီးခိုးလုံးတွေတက်လာလို့ အိမ်မှာပြန်နေလိုက်တယ်။ ဒီကနေလွတ်ဖို့အတွက် ပြင်ဆင်နေရတယ်။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ရအောင် အဆင်သင့်လုပ်ထားတယ်။ ကယ်ဆယ်ရေးတွေ ရောက်လာတော့ လွတ်တဲ့ အပေါက်တွေကနေ ကယ်ထုတ်ကြတယ်။ အသက်ကြီးပိုင်းတွေနဲ့ လမ်းမလျှောက်နိုင်တဲ့သူတွေ ပါတော့ ခက်ခက်ခဲခဲကယ်ထုတ်ကြရတယ်´´ ဟုပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းဦး က `` လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရတာမျိုး မရှိပါဘူး။ အများစုကတော့ မီးခိုးမွှန်ပြီး အသက်ရှုမွှန်းကြပ်လို့ ရန်ကုန်ဆေးရုံကြီးကို ပို့ရတာပါ။ အချို့ကိုတော့ လူနာတင်ယာဉ်ပေါ်မှာပြုစု ကုသမှုတွေ လုပ်ပေးပါတယ်´´ ဟုပြောသည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဝါယာရှော့မှတဆင့် လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနဦး သိရှိရ သော်လည်း မီးလောင်ရသည့် အကြောင်းအရင်းနှင့် မီးလောင်ဆုံးရှုံးမှုတန်ဖိုးတို့ကို သက်ဆိုင်ရာမှ သီးခြား အဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုဖြစ်ပွားမှုကြောင့် အဆိုပါဈေးကို လတ်တလော ပိတ်သိမ်းထားပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေရာများအား ကြံ့ခိုင်မှုရှိ၊ မရှိစစ်ဆေးမှုများနှင့် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်