ရန်ကုန်မြို့ ဝန်ကြီးများရုံး (အတွင်းများရုံး) ၌ မြန်မာနှင့် အရှေ့တောင်အာရှ ခေတ်ပြိုင်အနုပညာပြပွဲ ကျင်းပ

ရန်ကုန် ၁၉  ဇန်နဝါရီ 

 

အယူအဆ၊ ဆက်စပ်မှုအထိုင်၊ တွန်းထိုးရုန်းကန်ခြင်း (Concept Context Contestation – Yangon) ဟူ၍ အမည်ရသော မြန်မာနှင့် အရှေ့တောင်အာရှ ခေတ်ပြိုင် အနုပညာပြပွဲကို ဇန်နဝါရီ ၁၉ ရက်မှစ၍ ရန်ကုန်မြို့ ဝန်ကြီးများရုံး (အတွင်းများရုံး)တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

 

5

 

ခင်းကျင်းပြသထားသော အနုပညာလက်ရာများမှာ ဂန္ထဝင်ပန်းချီနှင့် ပန်းပုပညာရပ်များ၏ ရိုးရှင်းသော ဖန်တီးမှုမျိုးမဟုတ်ဘဲ အနုပညာရှင်တို့၏ စိတ်ကူးများကို ပုံဖော်ခြင်းဆိုင်ရာ ဖန်တီးမှုများကို ပြသထားခြင်းဖြစ်သည်။ အနုပညာရှင်များက ၎င်းတို့၏ အတွေးအမြင်များကို နေ့စဉ်အသုံးအဆောင်များ၊ အနုပညာစိတ်အခံဖြင့် ဖန်တီးတင်ဆက်သည့် အခင်းအကျင်း၊ ဖြတ်ညှပ်ကတ်အနုပညာများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ သရုပ်ဖော်တင်ဆက်မှုများနှင့် တင်ဆက်ပုံမျိုးစုံကို လာရောက်ကြည့်ရှုသူများ စိတ်အတွင်းသို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။

 

6

 

“စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာအတိုင်းကို အနုပညာအဖြစ် ချပြလိုက်တာ။ ချပြလိုက်တဲ့ အနုပညာကကျတော့ လာတဲ့ဧည့်ပရိသတ်ပေါ် မူတည်ပြီးတော့ဘဲ ပေးချင်တဲ့မက်ဆေ့တွေက ကွဲပြားသွားနိုင်တယ်။ ဒီပြပွဲရဲ့ ရည်ရွယ်ချက်ကိုက မြင်လိုက်တာနဲ့ တစ်ခုတည်းကို မသွားထားဘူး။ အဖြေတွေ အများကြီးရှိတယ်” ဟု Goethe Institute (မြန်မာ)မှ ဒါရိုက်တာ ဖရန်ဇာဗာ အော်ဂတ်စတင်းက ပြပွဲတွင် ဖန်တီးထားသော အနုပညာလက်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြခဲ့သည်။ 


အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာ အနုပညာရှင် ၄၃ ဦးမှ အနုပညာပြကွက်ပေါင်း ၆၅ ခုကို ဖန်တီးပြသထားသည်။ ယခု ကျင်းပသည့် “CCC” ပြပွဲကို ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်တွင် စတင်ခဲ့ပြီး ဟနွိုင်း၊ အင်ဒိုနီးရှား (ဂျကာတာ) မြို့များသို့ သွားရောက်ပြသခဲ့ကာ ရန်ကုန်မြို့တွင် “CCC” ပြပွဲကိုနောက်ဆုံးအဖြစ် ခင်းကျင်းပြသခြင်းဖြစ်သည်။

 

ပြပွဲ၌ မြန်မာဆိုင်းနှင့် တွဲဖက်တီးမှုတ်ခဲ့သော အနောက်တိုင်းတူရိယာ ဂီတသံတို့ဖြင့် တစ်မူထူးခြားနေကာ စင်ကာပူနိုင်ငံ စတင်တည်ထောင်စဉ်က ရေနွေးကြမ်းသောက်ရင်း မိသားစုခြွလေ့ရှိသော ပဲပင်ပေါက်ပုံ ပြကွက်က မိသားစုစည်းလုံးညီညွတ်မှုကို ဖော်ကြူးသည့် ပြကွက်တစ်ခုဖြစ်ကြောင်း ဖန်တီးသူ အနုပညာရှင်က ဆိုသည်။ 

7

အဆိုပါ “CCC” ပြပွဲကို ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် ဇန်နဝါရီ ၁၉ ရက်မှစတင်ကာ ဖေဖော်ဝါရီ ၁၀ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ (၄ နာရီခွဲနောက်ဆုံးထား ဝင်ရောက်ရန်) အထိ ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။ 

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ -ထိန်လင်း