ဆွေဦးဝေ
ရန်ကုန်မြို့ကို ဝင်လိုက်တာနဲ့ ကြီးမားတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုကို တွေ့မြင်ရပါတယ်။ အရင်က အကြိမ်ပေါင်းများစွာ ခရီးတွေထွက်တိုင်း အမြန်လမ်းမကြီးဘက်က ရန်ကုန်မြို့ကိုဝင်တဲ့ အခါ အခုလို ကြိုဆိုရေးဆိုင်းဘုတ်ကို ခံ့ညားထည်ဝါစွာ မတွေ့ခဲ့ပါဘူး။ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံမှာ လူနေထိုင်မှု များပြားသလို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ၊ စက်မှုဇုန်တွေ အများဆုံးတည်ရှိနေတဲ့ အကြီးဆုံးမြို့ကြီး တစ်မြို့လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်လို့ တင်စားခေါ်ဆိုထားတဲ့ ရန်ကုန်မြို့မှာ အခုလို ကြိုဆို ရေးဆိုင်းဘုတ် ခံ့ခံ့ထည်ထည်ရှိဖို့ လိုအပ်နေတာ အချိန်ကြာခဲ့ပေမယ့် အခုတော့ ရန်ကုန်မြို့နဲ့လိုက်ဖက်ပြီး ခေတ်မီနည်းပညာတွေနဲ့ ဖော်ကျူးထားတဲ့ အဝင်ကြိုဆိုရေး ဆိုင်းဘုတ်ကြီးဟာလည်း ရန်ကုန်မြို့ရဲ့ ပြောင်းလဲတိုးတက်မှုတစ်ခုအဖြစ် မြင်တွေ့နေရပြီဖြစ်ပါတယ်။
“ရန်ကုန်မြို့ရဲ့ဂုဏ်အင်္ဂါနဲ့အညီ မြို့အဝင် ဆိုင်းဘုတ် ကို ခံ့ညားထည်ဝါစွာ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ဒီဇိုင်းနဲ့ အခုလို မြို့ဝင်ဆိုင်းဘုတ်ကို ကျက်သရေရှိစွာ ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်လည်း ရန်ကုန်မြို့အဝင်လမ်းတွေမှာ အခုလို ကြိုဆိုရေးဆိုင်းဘုတ်တွေ ဆက်လက်ဆောင်ရွက်သွား နိုင်ရေး စီစဉ်သွားပါမယ်” လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
ပိုပြီးနွေးထွေးသလို ခံစားရ
တကယ်တော့ ရန်ကုန်မြို့အဝင် ကြိုဆိုရေး ဆိုင်းဘုတ် ထားရှိနိုင်ရေး We Love Yangon ပရဟိတအဖွဲ့က စိတ်ကူးရရှိခဲ့တာဖြစ်ပြီး အလှူရှင်လည်းရှိနေတာမို့ We Love Yangon အဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာက ရန်ကုန်မြို့လို အထင်ကရမြို့ကြီးမှာ အခုလို မြို့အဝင်ဆိုင်းဘုတ်ကြီးတစ်ခု ထွက်ပေါ်လာတာမို့ ရန်ကုန်မြို့နေ ပြည်သူတွေအတွက် ကိုယ့်မြို့ကိုယ့်အိမ်ကို ပြန်တဲ့အခါ မြို့အဝင်မှာကတည်းက ကြိုဆိုရေး ဆိုင်းဘုတ် ကြီးကြောင့် ပိုပြီးနွေးထွေးသလို ခံစားရမှာ ဖြစ်ပါတယ်။ ငါတို့မြို့၊ ငါတို့အိမ် ပြန်ရောက်ပြီဆိုတဲ့ ပီတိဖြစ်မှုကိုလည်း သိရှိ ခံစားရမှာဖြစ်သလို အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ ဧည့်သည်တွေအတွက်လည်း ခံ့ညားပြီး ကျက်သရေရှိတဲ့ မြို့အဝင်ကြိုဆိုရေး ဆိုင်းဘုတ်ကို မြင်တွေ့ရတဲ့အခါ ရန်ကုန်မြို့ကြီးရဲ့ လှိုက်လှဲပျူငှာ နွေးထွေးစွာ ကြိုဆိုလိုက်သလို ခံစားမှုဖြစ်စေမှာ အမှန်ပါပဲ။
အလှူရှင်တစ်ဦးက အကုန်ကျခံကာ လှူဒါန်းထား
“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကြီးကြပ်မှုနဲ့ ဆောင်ရွက်တာဖြစ်ပြီး မြို့အဝင်ဆိုင်းဘုတ်လုပ်ငန်းအားလုံးကို We Love Yangon က တစ်ဆင့် အလှူရှင်တစ်ဦးက အကုန်ကျခံကာ လှူဒါန်းထားတာ ဖြစ်ပါတယ်” လို့လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်သန်း မြင့်အောင်က ပြောပါတယ်။ ဒီလို ရန်ကုန်မြို့အဝင် ကြိုဆိုရေးဆိုင်းဘုတ်ကြီးဖြစ်ပေါ်လာဖို့ We Love Yangon အဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်အား ထက်သန်မှုနဲ့ ရန်ကုန်မြို့ကြီးအပေါ်ထားရှိတဲ့ စေတနာ တွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ဒီလိုရန်ကုန်မြို့အဝင် ကြိုဆိုရေးဆိုင်းဘုတ်ကြီးကို ရန်ကုန်-ပဲခူးကားလမ်းနှင့် ထောက်ကြံ့-မှော်ဘီမြို့ရှောင် လမ်းထောင့်ရှိ တြိဂံပုံ ကျွန်းနေရာရဲ့ မြေအကျယ်ပေ ၁၀၀ ခန့် မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တည်ဆောက် မှုတွေကတော့ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၈ ရက်မှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆိုင်းဘုတ် အောက်ခြေမှာရှိတဲ့ မြေပြင်အလှ ပြင်ဆင်မှုတွေပြုလုပ် နေတာလည်း ပြီးစီးသလောက်ရှိနေပြီ ဖြစ်ပါတယ်။
ရန်ကုန်မြို့အဝင် ဆိုင်းဘုတ်ကြီးရဲ့ အောက်ခံခုံတုံးအကျယ်က ၉၂ ပေရှိပြီး အမြင့်က ခြောက်ပေရှိပါတယ်။ ဆိုင်းဘုတ် ရဲ့ မြေပြင်မှ အမြင့်ကတော့ ၃၁ ပေ ရှိပြီး အောက်ခံတုံးကို ကွန်ကရစ်အုတ်ခုံ အသုံးပြုထားသလို အောက်ခံကွန်ကရစ် တုံးကို ၁၀ ပေအနက်အထိ တူးပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဆိုင်းဘုတ်ကြီးရဲ့အရှည်ကတော့ ၂၅ ပေ ရှိပြီး အလူမီနီယံချောင်းတွေထောင် ထားတဲ့ အနေအထားနဲ့ ဒီဇိုင်းဆင်ထား တာလို့လည်း We Love Yangon ရဲ့ အင်ဂျင်နီယာ ဦးမင်းသူက ပြောထားပါ တယ်။
လိုဂိုတွေ ထည့်သွင်းထား
ဒီဆိုင်းဘုတ်မှာ ရန်ကုန်မြို့ရဲ့ အထင်ကရ အထိမ်းအမှတ်တွေဖြစ်တဲ့ ရွှေတိဂုံစေတီပုံစံငယ်၊ ရန်ကုန် မြို့တော်ခန်းမပုံစံငယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတံဆိပ်၊ ကရဝိက်ပုံစံငယ်တွေအပါအဝင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ လိုဂိုတွေ လည်း ထည့်သွင်းထားပါတယ်။ ရန်ကုန် မြို့အဝင် ဆိုင်းဘုတ်ကြီးကို အလူမီနီယံ နဲ့ တည်ဆောက်ထားပြီး Light box အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့အဝင် ကြိုဆိုရေး ဆိုင်းဘုတ်ရဲ့ ဒီဇိုင်းကို ဒီဇိုင်နာ မိုးသဲဖြူ က ရေးဆွဲပေးထားတာဖြစ်ပြီး လိုအပ် တဲ့ အကြံဉာဏ်တွေကို ပူးပေါင်း ဖြည့်ဆည်းပေးကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုခံ့ညားထည်ဝါတဲ့ ကြိုဆိုရေးဆိုင်းဘုတ်တည်ဆောက်ရေး အတွက် ငွေကုန်ကျမှုရှိသလို၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ We Love Yangon အဖွဲ့ရဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့မှုတွေ ကြောင့်လည်း အခုလို ခံ့ထည်စွာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကွက်လပ်တစ်ခုကို ဖြည့်ဆည်း
Welcome To Yangon ဆိုင်းဘုတ်ကို အခုလို ထွက်ပေါ်လာဖို့အတွက် တည် ဆောက်ရေးလုပ်ငန်းနဲ့ ဆိုင်းဘုတ်ကြီး အနီး မြေပြင်အလှပြုပြင်ခြင်း၊ ပန်း အလှစိုက်ပျိုးပြင်ဆင်ခြင်းတွေအတွက် ကုန်ကျငွေဟာ ငွေကျပ်သိန်း ၅၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုငွေကုန် ကျမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ရန်ကုန်မြို့ရဲ့ လိုအပ်ချက်ကွက်လပ် တစ်ခုကို ဖြည့်ဆည်းပေးလိုက်နိုင်တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံမှု အများဆုံးရှိတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါ တယ်။ စီးပွားရေး၊ လူမှုရေး၊ ခရီးသွားလာ ရေး စတဲ့ကဏ္ဍတွေနဲ့ နိုင်ငံတကာ ဧည့်သည်တွေ၊ ခရီးသွားတွေအများဆုံး ဝင်ထွက်သွားလာလျက်ရှိနေတဲ့ မြို့ကြီး တစ်မြို့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း အများဆုံးတည်ရှိ အခြေစိုက်ရာမြို့လည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ ဂုဏ်ဒြပ်
ဒီလို အနေအထားတွေကြောင့် ရန်ကုန်မြို့အဝင်မှာ ခေတ်မီပြီး ခံ့ညား ထည်ဝါတဲ့ အခုလို ကြိုဆိုရေးဆိုင်းဘုတ် ထားရှိလိုက်တာဟာ ရန်ကုန်မြို့ရဲ့ ဂုဏ်ဒြပ်ကို ပိုမိုမြင့်တက်ထင်ဟပ်စေတဲ့ ဖြည့်ဆည်းမှုတစ်ခု ဖြစ်ပါတယ်။ မကြာခင် ကာလမှာ ကျန်ရှိနေတဲ့ ရန်ကုန်မြို့ အဝင်တွေမှာ အခုလို ကျက်သရေရှိပြီး ခံ့ညားထည်ဝါတဲ့ မြို့အဝင်ကြိုဆိုရေး ဆိုင်းဘုတ်ကြီးတွေ ထပ်မံထွက်ပေါ် လာဦးမှာ ဖြစ်ပါတယ်။ ။
မြန်မာ့အလင်း ယနေ့ရန်ကုန်


