ရန်ကုန်မြို့မှာတွေ့ရခဲတဲ့ ရာသီပေါ်အရွက်သုပ်နဲ့ မန်းလေးဒေသရဲ့ အစားအစာတော်တော်များများကို ရရှိနိုင်တဲ့ ရတနာအောင်ဆိုတဲ့ ဆိုင်လေး...

ရတနာအောင်ဆိုတဲ့ ဆိုင်လေးကတော့ အလုံ၊ နှင်းဆီလမ်းနဲ့ ငုဝါလမ်းထောင့်နားမှာ ဖွင့်ထားတာနော်...

 

အလုံ၊ နှင်းဆီလမ်းနဲ့ ငုဝါလမ်းထောင့်နားက ရတနာအောင်ဆိုတဲ့ဆိုင်ကို မှတ်မိကြလားဟင်… အဲ့ဒီဆိုင်မှာ နာမည်ကြီးတာက မန်းလေးမြီးရှည်၊ အုန်းထမင်းနဲ့ ကြာဇံချက်။ ဒီဆိုင်အကြောင်းလည်း ရေးဖူးပါတယ်။ အခုတစ်ခေါက်ကတော့ အရင်ကနဲ့ မတူတာလေးတွေ တွေ့ခဲ့လို့ ပြန်ရှဲချင်ပါတယ်…. ရန်ကုန်မြို့မှာတွေ့ရခဲတဲ့ ရာသီပေါ်အရွက်သုပ်နဲ့ မန်းလေးဒေသရဲ့ အစားအစာ တော်တော်များများကို ရရှိနိုင်တဲ့ဒီ ရတနာအောင်မှာ ရရှိနိုင်မှာပါ…။

 

ရတနာအောင်မှာ ပုံမှန်ရတာက မန်းလေးမြီးရှည်၊ ကြာဇံချက်၊ အုန်းထမင်းနဲ့အခြား ထမင်းနဲ့တွဲစားနိုင်တဲ့ အသုပ်တွေမျိုးစုံရှိပါတယ်။ အဲ့ဒီအသုပ်တွေထဲမှာမှ အခုတွေ့ခဲ့တာတော့ ရာသီပေါ်အရွက်သုပ်…. ဒါဟာ ရန်ကုန်မှာ အတော်ကိုမှ တွေ့ရခဲပါတယ်။ စားရခဲပါတယ်။ အခုတောင် အက်မင်မွေးနေ့ဆွမ်းကပ်ချင်လို့ ဒီဆိုင်က အုန်းထမင်း အော်ဒါလာမှာရင်းနဲ့ ဆိုင်ကအန်တီကရာသီပေါ် အရွက်သုပ်တွေရတယ်ဆိုတော့… အမေကလည်း စားချင်တယ်ဆိုတာနဲ့ စားဖြစ်ခဲ့တာပါ….။

 

 

 

ကိုယ်ကတော့ ဒီဆိုင်ရဲ့ မန်းလေးမြီးရှည်ကို ကြိုက်လို့ အဲ့ဒါလေးစားခဲ့တယ်။ သူကတော့ ဒီဆိုင်ရောက်တဲ့ လူတိုင်း စားဖူးကြမှာပါ… အရသာလည်းကောင်းပြီး တန်လည်းတန်တော့ လူကြိုက်များတယ်။ နောက်တစ်ခုက ခိုတောင်မုန့်တီ။ တော်တော်များများတော့ ကြားဖူးကြလိမ့်မယ်နော်… အမှန်တိုင်းပြောရရင် ကိုယ်တော့ အခုမှစားဖူးတာ။ ခိုတောင်မုန့်တီရတဲ့ဆိုင် နဲနဲပဲရှားသလား၊ ကိုယ်ပဲမတွေ့သလားတော့မသိ… အဲ့တော့မစားဖြစ်ဖူး။ ဒီမှာတော့ ထူးထူးဆန်းဆန်းလေးမို့ စားကြည့်လိုက်တယ်။ သူကနန်းကြီးဖတ်ကိုမှ သူ့ရဲ့အရသာအနှစ်တွေ၊ နောက် ပဲသီး၊ ဂေါ်ဖီတွေ ထည့်သုပ်ထားတာ။ ပဲမှုန့်လည်းပါတယ်ပေါ့… သူ့ကိုတော့ သပ်သပ်လွတ်အနေနဲ့စား ကြတယ်တဲ့။ ပဲကြော်(မတ်ပဲကြော်)နဲ့ တွဲစားကြတယ်တဲ့။ နောက် ဟင်းရည်ဆိုရင်လည်း ဘာလို့လည်းတော့မသိ တော်တော်သောက်ကောင်းတယ်။ အရသာလေးက လေးလေးရှရှလေးနဲ့… အသုပ်လေးစားလိုက်၊ အရည်လေး သောက်လိုက်နဲ့ပဲ ဟုတ်နေတာ…. သူကတစ်ပွဲကို (၁၀ဝ၀)ပဲရှိတယ်။ ပဲကြော်ကတော့တစ်ပွဲ(၅၀ဝ) သူလည်း မတ်ပဲကို ကြော်ထားတာ… အိအိလေးပဲ…။

 

 

 

 

 

ခနုံထုပ်လည်းရတယ်။ ခနုံထုပ်ကတော့ အချိုတဲဖို့ပေါ့… ဒါလည်း ကိုယ်မစားဖူးပြန်ဖူး ကြက်ဥကိုမှ ကော်ပြန့်အဖက်လိုလုပ်ပြီး အဲ့ဒီအဖက်ထဲ ကြက်သားအမွှလေးတွေထည့်ပြီး ထုပ်ထားတာ။ သူ့ကို ဆော့စ်လေးနဲ့ တွဲစားရင် ပိုမိုက်တယ်…… တစ်ပွဲကို (၁၀ဝ၀)ပဲ။ လေးခုပါတယ်…။

 

ရာသီပေါ်အရွက်သုပ်တွေမှာဆိုရင် ထနောင်းရွက်၊ မြူရွက်၊ တရုတ်စကားဖူး၊ သမုန်းပွင့်၊ ညောင်ချဉ်ဖူး၊ ငါးရံ့ပလူ၊ ကြောင်ရှာ၊ သခွပ်ပွင့်၊ မန်ကျည်းရွက် အဲ့ဒါတွေတော့ မီနူးမှာတွေ့ခဲ့တယ်။ ကိုယ့်အမေက စားရခဲတယ်ဆိုပြီး မှာလိုက်တာမနည်းဖူး (သုံးယောက်ထဲသွားလို့ပဲ…)… စားခဲ့တာတွေကတော့ တရုတ်စကားဖူး၊ သမားမုန်း၊ ထနောင်းရွက်သုပ်နဲ့ မြူရွက်သုပ်။ အမေနဲ့အဒေါ်ကတော့ ပြောတယ်… သူတို့ငယ်ငယ်က အညာဘက်ကိုရောက်ရင် ဒီလိုအရွက်လေးတွေကို ကိုယ်တိုင်ခူးပြီး သုပ်စားခဲ့ကြတဲ့ အကြောင်း အမေနဲ့အဒေါ်နဲ့ ပြောလိုက်ကြတာဆိုတာ…. အမြဲတမ်းစားလို့မရတဲ့ အကြောင်းနဲ့ မန်းလေးဘက် မရောက်လို့ မစားရတာကြာပြီဆိုတဲ့ အကြောင်းလေးတွေလည်း ပါးစပ်ကကိုမချဖူး။ နောက် ဒီအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်တဲ့။ ဘယ်အရွက်ကတော့ ဘာအတွက်ကို ကောင်းစေတယ်ဆိုတာပါပါတယ်….  ဒါလေးတွေစားလိုက်ရလို့ တော်တော်သဘောကျနေကြပုံပဲ။

 

 

 

 

ဆိုင်က အန်တီပြောတာတော့ အရွက်သုပ်တွေက အမြဲတမ်းမရဖူး။ ရာသီပေါ်အရွက်တွေဆိုတော့ လတ်လတ်ဆတ်ဆတ်လည်း ဖြစ်တယ်။ အညွန့်အဖူးလေးတွေပဲ သုံးတာဆိုတော့ ဒီဆောင်းအကုန် နွေအကူးချိန် တစ်လလောက်ပဲ ရနိုင်တယ်တဲ့။ အချို့အရွက်တွေကိုတော့ အခြောက်လှန်းထားတော့ အမြဲတမ်းရတယ်တဲ့။ အသုပ်တွေရဲ့ ဈေးနှုန်းတွေက တစ်ပွဲကို (၁၀ဝ၀)ကျပ်ပဲ။

 

အချုပ်အားဖြင့်ဆိုရင် ဒီအရွက်လေးတွေက ရာသီချိန်မှာပဲစားရတယ်။ တော်တော်လည်း စားရရခဲတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်သင့်တော်တယ်။ အဲ့ဒီအသုပ်လေးတွေစားပြီး ရေနွေးခြမ်းနွေးနွေးလေး သောက်ရတဲ့ဖီးလ်က အညာကို ရောက်သွားသလို၊ အညာဒေသရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတယ်တဲ့ (အက်မင်အမေပြောတာ…)

 

ဒီဆိုင်လေးအကြောင်း ရေးဖူးပေမယ့် မတူညီတဲ့ မီနူးလေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်နော်…. ဒီဆိုင်မှာ အုန်းထမင်းနဲ့ ကြာဇံချက်လည်းရတယ်။ စနေ၊ တနင်္ဂနွေဆိုလည်း ဒံပေါက်တွေဘာတွေရတယ်။ အခြားမန်းလေးမြီးရှည်၊ ခိုတောင်မုန့်တီ၊ နောက် ခနုံထုပ် အဲ့ဒါတွေလည်းရတယ်နော်…. လိပ်စာက အမှတ်(၉၃)၊ ငုဝါလမ်း၊ အလုံမြို့နယ်မှာပါ။ (ငုဝါလမ်းနဲ့ နှင်းဆီလမ်းထောင့်)။ အော်ဒါတွေဘာတွေ မှာချင်ရင် 09-453302414 ကို ဆက်လို့ရပါတယ်…… ဆိုင်အနီးအနားဆို အိမ်လိုက်ပို့ပေးတယ်တဲ့.. ဆိုင်ကမနက် (၆)နာရီထဲက ဖွင့်တာနော် ညနေ(၃)နာရီအထိပါ…

 

 

 

Honey(MyLann)

#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Yangon #Foodie_Myanmar