ရှင်နော်၊ ဓာတ်ပုံ - လင်းညွန့်

၂၀၂၀ ပြည့်နှစ်၏ မတ်လအတွင်းမှစ၍ ကိုဗစ်ဟူသော အရိပ်မည်းကြီးက ရန်ကုန်မြို့ကို စိုးမိုးထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြောင့် ရန်ကုန်မဟာသင်္ကြန်သည် တိတ်ဆိတ်ခြောက်သွေ့ခဲ့ပြီဖြစ်သည်။ ရန်ကုန်မြို့ လမ်းမများသည် လူသွားလူလာ ကင်းမဲ့ဖူးခဲ့ပြီဖြစ်သည်။ ခြောက်ကပ် သော နေရက်များကို ရင်ဝယ်ပိုက်ရင်း မြို့တော်ရန်ကုန်သည် ကိုဗစ်ပထမလှိုင်းကို ဖြတ်သန်းဖူးခဲ့ပြီဖြစ်သည်။
နိုင်ငံတကာသတင်းများ၊ ပြည်တွင်းထုတ် နေ့စဉ်သတင်းများအရ ကိုဗစ်ဒုတိယလှိုင်းက ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့သို့ ထပ်မံ ဖြတ်သန်းရန် တာစူနေချိန်ဖြစ်သည်။ လူဦးရေ သန်းနှင့်ချီနေထိုင်သော ရန်ကုန်မြို့တော်သည် ကိုဗစ်၏ ဒုတိယလှိုင်းဒဏ်ကို မည်မျှအထိ ကြံ့ကြံ့ခံနိုင်မည်နည်းဟူသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ရန်ကုန်မြို့တွင်း သွားလာမှုတွင် ပါးစပ် နှာခေါင်းစည်းတပ်ဆင်မှုကို လူတိုင်း နီးပါး တွေ့မြင်ရသော်လည်း မြို့လယ်နှင့် ဝေးကွာလာလေလေ ပါးစပ် နှာခေါင်းစည်းတပ်ဆင်မှုက လျော့နည်းလာလေလေဖြစ်သည်။ ဒါက ကိုဗစ်နှင့် ပတ်သက်၍ နေ့စဉ်လို မြင်တွေ့နေရမှုဖြစ်သည်။
ယခုသီတင်းပတ်၏ ရန်ကုန်စာမျက်နှာ ထက်တွင် ရန်ကုန်သူ ရန်ကုန်သားများ နေ့စဉ် မြင်တွေ့နေရလေ့မရှိသည့် သွားလာမှု ကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Center) အကြောင်း တင်ပြလိုပါသည်။ ရန်ကုန် မြို့တွင် ဖွင့်လှစ်ထားသော သွားလာမှုကန့်သတ် စောင့်ကြည့်စင်တာများအနက် စာရေးသူနှင့် အနီးဆုံးနေရာတွင် ရှိနေသည့် ကမာရွတ် မြို့နယ် သွားလာမှုကန့်သတ်စောင့်ကြည့် စင်တာသို့ သွားရောက်တွေ့ဆုံမေးမြန်းကာ စာဖတ်ရှုသူများ ဗဟုသုတမှီဝဲနိုင်ရန်အတွက် ပြန်လည်ဝေငှလိုက်ခြင်း ဖြစ်ပါသည်။
လေးကြိမ်မြောက် လက်ခံ
ကမာရွတ်မြို့နယ်အတွင်း၌ အမရာ ဆောင်၊ သံဗျင်ဆောင်၊ အဓိပတိဆောင်တို့တွင် သွားလာမှု ကန့်သတ်စောင့်ကြည့်စင်တာများ ဖွင့်လှစ်ထားပြီး အမရာဆောင်တွင် နေရပ်ပြန် ၁၅၃ ဦး၊ သံဗျင်ဆောင်တွင် ၁၃၀ နှင့် အဓိပတိဆောင်တွင် ၉၂ ဦး လက်ရှိကန့်သတ် စောင့်ကြည့်မှု ခံယူလျက်ရှိသည်။ အသွား အလာ ကန့်သတ်စောင့်ကြည့်ခံသူများကို ဧပြီလတွင် စတင်ထားရှိခဲ့ပြီး ယခုအခါ လေးကြိမ်မြောက် လက်ခံစောင့်ကြည့်နေခြင်း ဖြစ်သည်။ သွားလာမှုကန့်သတ်စောင့်ကြည့် စင်တာတစ်ခုတွင် တွေ့ဆုံကြုံတွေ့ရသော အတွေ့အကြုံများနှင့် ပတ်သက်၍ ကမာရွတ် မြို့နယ် ကိုဗစ်-၁၉ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးလင်းအောင်က “နေရပ်ပြန်တွေကို သူ့အလွှာနဲ့သူ ထားရပါတယ်။ ကိုရီးယားပြန် ဆို ကိုရီးယားပြန် သပ်သပ်ထားရတယ်။ တခြားသူနဲ့ သွားရောထားလို့ မရပါဘူး။ ပထမ အကြိမ် ပိုးစစ်ပြီးသွားလို့ Negative ထွက်ပြီးသားကို နောက်ရောက်လာတဲ့ အသစ်နဲ့ သွားရောထားလို့ မရပါဘူး။ ဒါဟာ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ စီမံချက်အတိုင်း ကျွန်တော်တို့လုပ်တာပါ”
လိုအပ်တာတွေ လာမေးကြ
“စားဝတ်နေရေးအတွက်ကတော့ စင်တာ တွေစဖွင့်ကတည်းက ကိုယ့်စရိတ်နဲ့ကိုယ် ကန့်သတ်စောင့်ကြည့်မှု ခံရမယ်လို့ နိုင်ငံတော် က ကြေညာထားတယ်။ အဲဒီအချိန်မှာ မြန်မာ နိုင်ငံသားပီသစွာနဲ့ အခက်အခဲတွေရှိမယ် ဆိုတာ သိတဲ့အခါကျတော့ အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ စေတနာရှင်တွေကနေ ဆက်သွယ်ချိတ်ဆက်ပြီးတော့ လိုအပ်တာတွေ လာမေးကြတယ်။ အဓိကဖြစ်တဲ့ မနက်စာ၊ နေ့လယ်စာ၊ ညစာတွေကို လိုက်လံချိတ်ဆက် ပြီး အလှူခံတယ်။ အလှူရှင်တွေကလည်း ဆက်သွယ်ပြီး ချိတ်ဆက်လှူဒါန်းမှုတွေ လုပ်ပါ တယ်”
သတိပေးဆောင်ရွက်နေ
“ကျန်းမာရေးအပိုင်း အနေနဲ့ကတော့ စေတနာ့ဝန်ထမ်းတွေမှာ အပြင်က လုပ်ပေး တဲ့သူတွေ ရှိတယ်။ အတွင်းပိုင်းမှာ တာဝန်ယူ နေတဲ့သူတွေ ရှိပါတယ်။ အပြင်က အစား အသောက်တွေ၊ ပစ္စည်းပို့တာတွေ စိစစ်ရတာ ရှိသလို၊ အထဲထဲက လိုအပ်ချက်တွေကို ပံ့ပိုး ပေးဖို့အတွက်လည်း အပြင်ပရဟိတအဖွဲ့တွေ က လုပ်ပေးရတယ်။ အတွင်းပိုင်း တာဝန်ကျ သူတွေကတော့ ကန့်သတ်စောင့်ကြည့်မှု ခံယူ နေသူတွေ အဆင်ပြေဖို့ စီမံဆောင်ရွက်ပေး ရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနဲ့ တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားထားတဲ့အတိုင်း စီမံဆောင်ရွက် တယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်လုပ်ဖို့၊ စိစစ်ဖို့ အမြဲတမ်းကြပ်မတ်ပြီး သတိပေး ဆောင်ရွက်နေပါတယ်”
“ပရဟိတအဖွဲ့တွေအနေနဲ့ ပျမ်းမျှအား ဖြင့် တစ်ဆောင်ကို ၁၀ ယောက်ကနေ ၁၅ ယောက်ဝန်းကျင်လောက်အထိ ရှိပါတယ်။ အပြင်လုပ်အားပေးတွေကတော့ ငါးယောက်၊ ခြောက်ယောက်လောက်ရှိပေမယ့် တစ်ခါ တလေကျရင်တော့ နှစ်ယောက်ကတော့ အနည်းဆုံး အဆင်သင့်ရှိတယ်။ ဒီနေရာ အရေးပေါ် ပေါ်တယ်ဆို ဒီနေရာ လာစုလိုက် ကြ၊ ဟိုနေရာမှာပေါ်တယ်ဆို ဟိုနေရာပြေး လိုက်ကြပေါ့။ အဓိက “Q” ဝင်မယ်ဆိုရင် အင်အားသုံးပြီး လာစိစစ်ရတယ်။ ဝိုင်းဝန်းပံ့ပိုး ရတယ်။ “Q” ထွက်မယ်ဆိုရင် ပံ့ပိုးရတဲ့အပိုင်း တွေ ရှိပါတယ်”
လာရောက်ကြီးကြပ်ပေးနေ
“အရင်ကဆိုရင် အရေးပေါ်အခြေအနေ တွေအရ ပိုးတွေ့သူတွေ၊ သူနဲ့ထိတွေ့တဲ့ မိသားစုဝင်တွေ၊ ထိတွေ့တဲ့သူတွေ အကုန် လုံးကို လိုက်ကောက်ပြီး “Q” သွင်းရတယ်။ လိုအပ်တဲ့ကားတွေလိုဟာမျိုး၊ အခြားပရဟိတ အဖွဲ့တွေနဲ့လည်း ဆက်သွယ်ပြီး အကူအညီ တောင်းရတာမျိုးတွေ ရှိပါတယ်။ ကျွန်တော် တို့ဆီမှာ လက်ရှိတော့ ကားအားလုံးပေါင်း ငါးစီးရှိပါတယ်။ “Q” ဝင်ဖို့၊ “Q” ပြန်ပို့ဖို့၊ ပိုးသတ်ဆေးဖျန်းဖို့ဆိုပြီး လုပ်ထားရတာ ရှိပါ တယ်။ အဆောင်တွေဆိုလည်း ကျန်းမာရေး က ချပေးတဲ့ MO တင်မကဘဲ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အတွက် တက္ကသိုလ်များဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလင်းကိုယ်တိုင် ဦးဆောင် ပြီး နေ့တိုင်း စက်နဲ့ပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်ပဲ ဖြစ်ဖြစ် လာရောက်ကြီးကြပ်ပေးနေပါတယ်”
“ပရဟိတအဖွဲ့တွေ ပူးပေါင်းတဲ့အနေ အထားတော့ အရေးကြီးတဲ့နေရာမှာ လာပြီး ပူးပေါင်းဖို့တော့ စိတ်အားထက်သန်ကြတယ်။ တိုင်းဒေသကြီးကချပေးတဲ့ စေတနာဝန်ထမ်း တွေ ရှိတယ်။ ကျွန်တော်တို့ မြို့နယ်အတွင်းက လာပြီးကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေ အများကြီးရှိပါတယ်။ ကမာရွတ်မြို့နယ် အတွင်းမှာရှိတဲ့ ပရဟိတအဖွဲ့တွေ အကုန်ပါ ပဲ။ အဖွဲ့ပေါင်း ခုနစ်ဖွဲ့၊ ရှစ်ဖွဲ့လောက် စုပေါင်း ပြီး လုပ်နေကြတာပါ။ ဒါ့အပြင် ရန်ကုန်မှာ ရှိတဲ့ ပရဟိတအသင်းကြီးတွေကနေ လိုအပ် တာတွေ ဝိုင်းဝန်းကူညီနေကြတာပါ။ ဒီစီမံချက် နေရာမှာ ပိုက်ဆံမကုန်ဘဲနဲ့ အလုပ်ဖြစ်သွား အောင် ဝိုင်းဝန်းကူညီကြတယ်။ လိုအပ်တာ အကုန်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး နေကြတော့ မဖြစ်ဘူးဆိုတာတော့ မရှိပါဘူး”
စနစ်တကျနဲ့ စီမံကွပ်ကဲရ
“ကျွန်တော်တို့ ကြီးကြပ်ရတာ အလှူရှင် လှူထားတဲ့ပစ္စည်းတွေ၊ အစားအသောက်တွေ ကို အပိုအလျှံ အမှိုက်ပုံးတွေထဲ မရောက် အောင် စီမံကြီးကြပ်ရတယ်။ အဓိက အဲဒါ လည်း အရေးကြီးပါတယ်။ လှူကြပါဆို လိုတာ ကိုလှူရင် အဆင်ပြေပါတယ်။ ပိုတဲ့အခါကျ တော့ အမှိုက်ပုံးထဲရောက်သွားရင် အဆင် မပြေပါဘူး။ အဲဒါကိုလည်း အပိုအလိုမရှိ အောင် စနစ်တကျနဲ့ စီမံကွပ်ကဲရပါတယ်”
“ကျွန်တော်တို့အနေနဲ့ ဘာအခက်အခဲပဲ လာလာ ကြိုးစားပြီး ဖြေရှင်းပါတယ်။ အဓိက ကတော့ စိတ်မနှံ့တဲ့သူတွေ “Q” ဝင်တဲ့အခါ မှာ စိတ်ညစ်ရတာပေါ့။ ဒါမျိုးတွေ အများကြီး ပါပါတယ်။ “Q” ဝင်နေတယ်၊ စိတ်မနှံ့တဲ့သူ ဆိုရင် “Q” ဝင်နေပြီးတော့ ဆေးလည်း မစစ် ရသေးဘူး၊ သူက ညဘက်မှာ ခိုးပြီး စေတနာ့ ဝန်ထမ်းတွေ သွားပို့တဲ့အပေါက်ကနေ ဆင်း တယ်။ ဆင်းပြီးတော့ အောက်မှာရှိတဲ့ဟာတွေ ကို လူတွေနားနေတဲ့အချိန်၊ ညအချိန်မတော် လောက် ၁ နာရီ၊ ၂ နာရီလောက်မှာ ပစ္စည်းတွေ ရှာတာတွေ၊ ဘာတွေလုပ်ပေါ့၊ မေးတဲ့အခါကျ စိတ်မနှံ့မှန်း ရိပ်မိတယ်။
သူ့ကို အိပ်ဆေးတွေ၊ ဘာတွေတိုက်ပြီး ပြန်အိပ်အောင်လုပ်၊ လုပ်ပြီးတော့မှ သူသွား ခဲ့တဲ့ လမ်း၊ တစ်ဆောင်လုံးကို ညတွင်းချင်း အပြီး ဆေးဖျန်းရတယ်။ ဆေးဖျန်းပေမယ့် လည်း စိတ်ပူရတာပေါ့။ ဒီလူကို ဆေးစစ်ပြီး သွားလို့ Negative ဖြစ်ပြီ ဆိုတော့မှ စိတ်ချမ်းသာရတယ်။ အဲဒီလို စိုးရိမ်စရာမျိုးတွေ ရှိပါတယ်။ အခု မှတ်တမ်းအရဆိုရင် လေးယောက်ရှိသွားပြီ။ စိတ်မနှံ့လို့ စိတ်ရောဂါ အထူးကုဆေးရုံကို ပို့ပြီး ကုသထားရတာ ပေါ့လေ”။
“ကိုဗစ်-၁၉ တိုက်ဖျက်တဲ့အခါမှာ ပြည်သူ တွေ တလေးတစား ညီညီညွတ်ညွတ်နဲ့ တိုက်ဖျက်ရင် ကျွန်တော်တို့ အောင်မြင်မယ်။ ကမ္ဘာမှာလည်း ပူးပေါင်းဆောင်ရွက်လို့ မျက်နှာရနေပြီ။ အခုချိန်ခါမှာ လူတွေက ပေါ့ဆလာတယ်။ အဲဒီတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ပါးစပ်နှာခေါင်းစည်း တပ်ဖို့ သတိပေးမှုတွေ လုပ်တဲ့အခါမှာ ရန်တွေ့ခံ ရတယ်။ မင်းက ဘာကောင်မို့လို့လဲဆိုပြီး ရန်မူတဲ့သူတွေ ရှိလာပါတယ်။ တစ်ယောက်စ နှစ်ယောက်စပေမယ့် ဒီလိုလူတွေ အသိမရှိတဲ့ ဟာကို ရှက်သွားအောင် ပြည်သူလူထုအနေနဲ့ လည်း ပူးပေါင်းပြီး လုပ်စေချင်ပါတယ်။ လူတွေက ပါးစပ်နှာခေါင်းစည်းကို အတော်များ များက မတပ်ကြတော့ဘူး။ ရောဂါပိုးဟာ ဒီမှာ ရှိနေပါသေးတယ်။ အလျဉ်းမသင့်ရင် အချိန် မရွေးကူးစက်နိုင်ပါတယ်။ ထိန်းချုပ်ထားနိုင်တဲ့ နေရာမျိုးမှာ ကူးစက်တာက ပြဿနာမရှိပေ မယ့် ဈေးလိုဟာမျိုး၊ လူအများ သွားလာနေတဲ့ နေရာမျိုးမှာ ကူးစက်သွားရင် အဲဒီ တစ်ယောက် ဖြစ်ပြီဆိုရင် ကုသရတာခက်ပါတယ်။ မလို အပ်ဘဲ၊ အကြောင်းကိစ္စမရှိဘဲ အပြင်မထွက် ကြပါနဲ့၊ ဝိုင်းဝန်းထိန်းသိမ်းကြပါ၊ အိမ်ကနေ အပြင်ထွက်ပြီဆိုရင် ပါးစပ်နှာခေါင်းစည်း တပ်ဖို့ မမေ့ကြပါနဲ့။ အိမ်ကနေ ဖိနပ်မပါဘဲ အပြင်မထွက်ကြသလို နှာခေါင်းစည်းမပါဘဲ အပြင်မထွက်တတ်အောင် လေ့ကျင့်ထားပါလို့ ပြောချင်ပါတယ်”။ ။
မြန်မာ့အလင်း ယနေ့ရန်ကုန်