နေပြည်တော် ၃ ဧပြီ
ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း (Yangon Urban Mass Rapid Transit – YUMRT) အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင်က ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း ဉီးဆောင်ကော်မတီ ပထမအကြိမ်အစည်းအဝေးကို မတ် ၄ ရက်တွင် ကျင်းပခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ ရန်ကုန်မိုးပျံ ရထားလမ်းနှင့် မိုးပျံအမြန်လမ်းတို့အား ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ချက်များကို ပြင်ဆင်နိုင်ခဲ့ပါကြောင်း၊ လျှပ်စစ်ဓါတ်အားရရှိရေး လမ်းအူကြောင်း အတည်ပြုသတ်မှတ် နိုင်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပေးရန် ပြောကြားသည်။
ထို့နောက် JICA Study Team မှ ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှလည်း ဝိုင်းဝန်းဆွေးနွေးကြသည်။
အဆိုပါ ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


