ရန်ကုန်    အောက်တိုဘာ    ၅ 

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ  အားကစားနှင့်    လူငယ်ရေးရာဝန်ကြီးဌာနနှင့်   ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဉာဏ်ဇော်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်မြို့ရှိ အားကစားကွင်း/ အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ  ပြည်ထောင်စုဝန်ကြီးသည်   ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ်(တောင်ပိုင်း)   အားကစား ကွင်း သို့ရောက်ရှိပြီး     Multipurpose  Stadium ရှိ လျှောက်လမ်းများနှင့်  မျက်နှာစာအဝင်လမ်းများ ကောင်းမွန်စေရန်၊   နိုင်ငံတော်အလံကို    သစ်လွင်တောက်ပစွာ အမြဲတမ်းလွှင့်ထူထားရန်၊   ပြိုင်ပွဲရုံ ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် စနစ်တကျတာဝန်ယူ ထိန်းသိမ်းဆောင်ရွက် သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားကွင်းသို့ရောက်ရှိပြီး တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းနှင့် အလျားပေ ၂၀၀၊ အနံပေ ၁၅၀ ရှိ လူဦးရေ ၂၁၀၀ ဆံ့  မိုးလုံလေလုံ အားကစားရုံတည်ဆောက်နေမှုကို  ကြည့်ရှုစစ်ဆေးပြီး  အဆောက်အအုံများ  ရေရှည်တည်တံ့‌စေရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်ပြည့်မီပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး‌စေရေး သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများအား အသေးစိတ်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း သို့သွားရောက်၍ ဘောလုံးကွင်းကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြေသား မျက်နှာပြင် ညီညာစေရေး၊ မြက်ခင်းပြင်စိမ်းလန်းစိုပြည်စေရေးနှင့်   Synthetic  ပြေးလမ်းကောင်းမွန်စေရေးတို့အတွက် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ  ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်  ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲနှင့်  ပထမအဆင့်ပွဲစဉ်များဖြစ်သည့် စနူကာ-15 Red   နှစ်ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှုအားပေးပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် (၃၃)ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်    ဘိလိယက်နှင့် စနူကာ အားကစားနည်းဖြင့်  အောင်နိုင်ရေးဆုတံဆိပ်များ ရရှိစေရေးအတွက်  အဖွဲ့ချုပ်မှ  တာဝန်ရှိသူများနှင့် ဆွေးနွေးပြောကြားပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်အောင်    ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။    

သတင်းစဉ်