ဖူးပြည့်

ဓာတ်ပုံ - ထိန်လင်း

၁၃၈၀ ပြည့်နှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် တည်ဆောက်ရေး လုပ်ငန်းများကို မတ် ၁၀ ရက်မှ စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ အမာခံ တည်ဆောက်ရေးလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သည် အလျား ၉၄ ပေ၊ အနံ ၄၄ ပေရှိကာ အမိုးနှင့် အခင်းစသော အမာခံလုပ်ငန်းများ ပြီးစီးကာ ကျန်အပိုင်းများကို ဆက်လက်ဆောက်လုပ်လျက် ရှိသည်။ အမာခံလုပ်ငန်းများ ဆောက်လုပ်ခြင်း ကို မတ် ၂၇ ရက် နောက်ဆုံးထား ဆောက်လုပ်လျက်ရှိပြီး အချောထည်ပြင်ဆင်ခြင်း လုပ်ငန်းများကို မတ် ၂၈ ရက်မှ ဧပြီ ၁၀ ရက်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗဟိုမဏ္ဍပ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

ဗဟိုမဏ္ဍပ်၏ နဖူးစည်းအဖြစ် ဒေါင်းရုပ်နှစ်ရုပ်ဖြင့် ပုံဖော်သွားမည်ဖြစ်ပြီး အတွင်းပိုင်း နောက်ခံကို LED မီးသီးများဖြင့် သရုပ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဗဟိုမဏ္ဍပ်၏ မဟာဗန္ဒုလ ပန်းခြံလမ်းဘက်အခြမ်းတွင် အလျား ပေ ၁၂၀ x အနံ ၄၄ ပေ ရှိသော ရေကစားမဏ္ဍပ်တစ်ခုကိုလည်း ဆောက်လုပ်ထားရာ အမိုးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း တွေ့ရသည်။

ထို့ပြင် ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၏ အတွင်းပိုင်းအပြင်အဆင်များကိုလည်း အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။ ။

မြန်မာ့အလင်း