ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် အများပြည်သူ အပန်းဖြေနိုင်ရန် ကောင်းကင်ကြိုးစီးနင်းမှု မတ်လကုန်တွင် ဖွင့်လှစ်မည်

ရန်ကုန် ၂၁  ဇန်နဝါရီ


မြေဧက (၅၇.၇၅၂) ဧက ရှိသော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ကိုလိုနီခေတ် ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ဝိတိုရိယဘုရင်မ ပန်းခြံဟု ဖွင့်လှစ်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် သစ်တောဌာနသို့ လွှဲပြောင်းခဲ့သည်။

123


ယင်းနောက် ၂၀၁၁ ခုနှစ်တွင် ပုဂ္ဂလိကဝန်ဆောင်မှုအဖြစ် ယနေ့တိုင်ဖွင့်လှစ်၍ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၅၀ ကျော်ကို ပြသခဲ့သည်။ ယခုအခါ အများပြည်သူ ပျော်ရွှင် စွာ အပန်းဖြေအနားယူနိုင်ရန် ဝန်ဆောင်မှုတစ်ခုဖြစ်သော အမြင့်ပေ ၆၀ ရှိသည့် ကောင်ကင်ကြိုးစီးနင်းမှု (Zip Line Tower) တည်ဆောက်လျက်ရှိရာ မတ်လကုန်တွင် ဖွင့်လှစ်မည်ဟု သိရသည်။ 

123


ကောင်းကင်စတီးကြိုးဖြင့် နှစ်ယောက်စီး Zip Line အပါအဝင် Quick Jump အမြင့် (၃၀) ပေမှခုန်သော ကစားနည်းနှင့် တောင်တက်ကစားနည်း Climbing Wall တို့ကို (၂၀၁၈) ခုနှစ်၊ အောက်တိုဘာ (၁၁) ရက်နေ့တွင် တည်ဆောင်ခဲ့ပြီး ဒီဇင်ဘာလကုန်တွင် တာဝါတိုင် (၂) ခုတည်ဆောက်မှုပြီးစီး၍ စတီးကြိုးများ တပ်ဆင်ရန် ပြင်ဆင်လျက်ရှိသည်။


ကောင်းကင်ကြိုး စီးနင်းရာတွင် ထိုင်လျက်နှင့် ဝမ်းလျားမှောက် ပျံသန်းခြင်းဟူ၍ရှိရာ ဝမ်းလျားမှောက် ပျံသန်းခြင်းကို ထိုင်းနိုင်ငံချင်းမိုင်နှင့် သြစတေးလျနိုင်ငံတို့တွင် အများပြည်သူ အပန်းဖြေစခန်းတို့၌ ထားရှိလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကျိုက်ထိုမြို့ရှိ (စိမ်းလဲ့တင်) အပန်းဖြေစခန်း၌ တာဝါတိုင် (၄) ခုဖြင့် တစ်ဖက်တွင် နှစ်ယောက်စီး ကြိုးဆိုင်း (၂) ခုစီဖြင့်ထိုင်လျက် ကောင်ကင်ကြိုးစီးနင်းခြင်းကို အပန်းဖြေကစားခြင်း အဖြစ် ဖွင့်လှစ်ထားလျက်ရှိသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တာဝါတိုင်(၂)ခုဖြင့် တစ်ဖက်လျှင် (၂) ယောက်စီးနင်းနိုင်ရန် ဆောင်ရွက်ထားပြီး လှော်ကားဥယျာဉ်တွင်လည်း တာဝါတိုင် (၄) ခုဖြင့် Zip Line Tower ကို တည်ဆောက်သွားမည်ဟုလည်း သိရသည်။ 


ကောင်းကင်ကြိုး (Zip Line) စီးနင်းရာ၌ (၉၉) ပေါင်မှ (၂၄၂) ပေါင်အတွင်း ရှိသူများသာ စီးနင်းခွင့်ပြုပြီး စီးနင်းစဉ် အရက်၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်ဝန်ဆောင်များနှင့် စိတ်မကျန်းမာသူ၊ မူးယစ်စေသော အရာသုံးစွဲထားသူ၊ သွေးတိုး/ဆီးချိုရှိသူ၊ နာတာရှည် အရိုးအဆစ်ရောဂါရှိသူ၊ အဖုအကျိတ်နှင့် အဆစ်ရောင်ရောဂါရှိသူ၊ အမြင့်တက်စဉ် မူးဝေတတ်သူ၊ နှလုံးရောဂါရှိသူများ စီးနင်းခွင့်မပြုကြောင်းနှင့် အသိပေးဆိုင်းဘုတ်ဖြင့် တားမြစ်သွားမည်ဖြစ်ကာ မတ်လကုန်တွင်ဖွင့်လှစ်သွားမည်ဟု သိရသည်။


ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို တောရိုင်းတိရစ္ဆာန် ကျေးငှက်များ ထိန်းသိမ်းကာကွယ်ရေး အတွက် ပြည်သူလူထုဗဟု သုတအသိပညာရရှိရန်၊ သုတေသနလုပ်ငန်း ဆောင်ရွက်ရာတွင် ရှားပါးတိရစ္ဆာန် ကျေးငှက်တို့အား မျိုးဆက်ထိန်းသိမ်းရန်နှင့် သားပေါက်မျိုးပွားရန်၊ ကျောင်းသားကျောင်းသူများ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာ ပညာရှာမှီးရာတွင် အထောက်အကူဖြစ်စေရန်၊ သစ်တောများကို ထိန်းသိမ်းရန်နှင့် ရန်ကုန်မြို့နေ ပြည်သူများ အနားယူအပန်းဖြေနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။


သန်းထိုက်